ဝါးခယ်မမြို့နယ်ရှိ ကျွန်းပြဿဒ်တံတား(သရွတ်မြိုက်) တည်ဆောက်မှု ရာနှုန်းပြည့်ပြီးစီး

Listing Description

ဝါးခယ်မ    ဒီဇင်ဘာ   ၁၇

ဧရာဝတီတိုင်းဒေသကြီး ဝါးခယ်မ မြို့နယ်ရှိ လမ်းအမှတ် (၁၀) ဘိုကလေး  -  မော်လမြိုင်ကျွန်း  - ကျုံမငေး - ဝါးခယ်မ - မြောင်းမြလမ်း မိုင်တိုင်အမှတ် (၂၂ / ၄ ) ရှိ ကျွန်း ပြဿဒ်တံတား (သရွတ်မြိုက်)  တည်ဆောက်‌မှုမှာ ယခုအချိန်တွင် ရာနှုန်းပြည့် ပြီးစီးနေပြီဖြစ်သည်။

စမ်းသပ်စစ်ဆေး

အဆိုပါ တံတားသည် အရှည် မီတာ ၇၂၀၊ အကျယ် ၉  ဒသမ ၅ မီတာရှိပြီး လူသွားလမ်းအကျယ် တစ်ဖက်လျှင် တစ်မီတာစီ ပါဝင်သော နှစ်လမ်းသွား တံတားဖြစ်ကြောင်း၊ ပင်မတံတား၏ အပေါ်ထည်မှာ မီတာ အရှည်  ၉၀ ရှိသည့် သံမဏိသံပေါင်ခုံး တံတားအမျိုးအစားဖြစ်ပြီး အောက်ထည်နှင့် ကြမ်းခင်းမှာ သံကူကွန်ကရစ် အမျိုးအစားဖြစ်ကြောင်း၊ ချဉ်းကပ် တံတားများအား မီတာ ၃၀ အရှည်ရှိသည့် ကြိုတင်အားဖြည့် သံကူကွန်ကရစ်ရက်မများဖြင့် တည်ဆောက်ထားကြောင်း၊ တံတားခံနိုင်ဝန်မှာ တန် ၆၀ ဖြစ်ကြောင်း၊ တံတားခံနိုင်ဝန် စမ်းသပ်ခြင်းလုပ်ငန်းများကို ဒီဇင်ဘာ ၁၆ ရက် နံနက် ၁၀ နာရီတွင် တာဝန်ရှိသူများက စမ်းသပ်စစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဆက်လက်ပြီး ကျွန်းပြဿဒ်တံတား အုတ်မြစ် ရေလယ်တိုင်များကို ၁ ဒသမ ၅ မီတာနှင့် ၁ ဒသမ၂ မီတာ အချင်းရှိ သည့် သံကူကွန်ကရစ်ဘိုးပိုင်များဖြင့် အသုံးပြုတည်ဆောက်ထားပြီး သံမဏိသံပေါင် မီတာ ၉၀ ရှိသော တံတားခန်းဖွင့် သုံးခန်း၊ ကြိုတင်အားဖြည့် သံကူကွန်ကရစ် ရက်မ မီတာ ၃၀ ရှိသည့် တံတားခန်းဖွင့်၁၅ ခန်း ပါရှိကြောင်း၊ ရေလမ်း ကင်းလွတ် အမြင့်ပေ ၄၀ နှင့် အကျယ်ပေ ၂၄၀ ရှိကြောင်း၊ ဒေသခံပြည်သူများအနေဖြင့် တံတားအား မကြာမီ အသုံးပြုနိုင်တော့မည်ဖြစ်ကြောင်း တာဝန်ယူ တည်ဆောက်နေသည့် တည်ဆောက်ရေးအဖွဲ့ (၂)ထံမှ သိရသည်။

စမ်းသပ် စစ်ဆေးရာတွင် တံတားပေါ်၌ မီတာ ၉၀ အကျယ်ရှိသော အခန်းတွင် တန် ၂၀ အလေးချိန်ရှိသော ၁၀ ဘီးကား ရှစ်စီးဖြင့် တံတား၏  ခံနိုင်ဝန်ကိုသိရှိရန် တံတား၏ ကွေးညွတ်မှုကို  တိုင်းတာခြင်း၊  သံမဏိသံပေါင်များအတွင်း ရှိ  ခံနိုင်စွမ်းအား တိုင်းတာခြင်းသိရှိရန်အတွက်  Static Load Test ဆောင်ရွက်ခြင်းကို ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာန၊ အရည်အသွေးထိန်းသိမ်းရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးဇော်လင်းမြနှင့် တာဝန်ရှိသူများက ဆောင်ရွက် ခဲ့ပြီး တိုင်းတာတွက်ချက်မှုအရ ထွက်ရှိလာသော ရလဒ်များမှာ သတ်မှတ်ချက်အတွင်းရရှိသဖြင့် တံတားအား  Fit for  Service အဖြစ် သတ်မှတ်ကြောင်း သိရသည်။

လွှမ်းသီဟ (ပြန်/ဆက်)