ပြည်လုံးချမ်းသာသော်ကစေတီတော်

Listing Description

ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့ မြို့အစွန် တစ်ဖက်ကမ်းတွင် တည်ရှိသည့် ရှေးဟောင်းစေတီတော်တစ်ဆူဖြစ်သည်။ စေတီတော်ကို မူလတည်ခဲ့သည့် ဒါယကာများမှာ မွန်မျိုးနွယ်ဖြစ်သည့် သမုဒ္ဒဿောသမင်းနှင့် မိဖုရား ဥမ္မာဒန္တီမင်းသမီးတို့ ဖြစ်သည်ဟုမှတ်သားရပါသည်။ စေတီသည် ချုံနွယ်ပိတ်ပေါင်းများဖုံးလွှမ်းကာ နှစ်ပေါင်းများစွာ တိမ်မြုပ်ပျောက်ကွယ်နေခဲ့ပြီး ၁၈၈၇-၈၈ ခုနှစ်တွင် ဦးရွှေကိုင်း (ထိုအချိန်က ထော်ကနွတ်ရွာသူကြီး) နှင့် သားဦးမောင်ကြီးတို့က လယ်မြေ ၄.၇၇ ဧကကို ဝယ်ယူရှင်းလင်း ခုတ်ထွင် စိုက်ပျိုးရာမှ ချုံနွယ်ပိတ်ပေါင်းများ ဖုံးလွှမ်းနေသော အုတ်ကျိုးပုံစေတီပျက်ကို စတင်တွေ့ရှိခဲ့ခြင်းဖြစ်သည်။ သို့ဖြင့် ဦးရွှေကိုင်းနှင့် သားဦးမောင်ကြီးတို့ ဦးဆောင်ကာ စေတီတော်ကြီး ပြန်လည်တည်ထားနိုင်ရန် အရပ်ရပ်သို့ အလှူခံ၍ ရရှိသောငွေများဖြင့် ပြန်လည်ပြုပြင်မွမ်းမံခဲ့ကြရာ ၁၂၇၅ ခုနှစ်၊ ကဆုန်လဆုတ် ၈ ရက် အင်္ဂါနေ့တွင် စေတီတော်ကြီးကို ထီးတော်တင်လှူပူဇော်ခဲ့ပြီး "ပြည်လုံးချမ်းသာ သော်ကစေတီတော်မြတ်"ဟု ဘွဲ့အမည် ထင်ရှားခဲ့ပါသည်။ စေတီတော်သည် ဉာဏ်တော်အမြင့် ဖိနပ်တော်မှ စိန်ဖူးတော်ထိ ၁၀၂ ပေရှိပြီး ရွှေဆင်းတု ငွေဆင်းတုများလည်း ထပ်မံဌာပနာထားခဲ့သည်ဟု သိရပါသည်။ စေတီတော်၏ ဗုဒ္ဓပူဇနိယပွဲတော်ကို နှစ်စဉ် တပေါင်းလဆန်း ၉ ရက်နေ့မှ တပေါင်းလပြည့်ကျော် ၁ ရက်နေ့ထိ စည်ကားစွာ ကျင်းပပါသည်။