ဝါးခယ်မမြို့နယ် ရွှေလောင်းကျေးရွာတွင် ရေပေါ်ဈေးသစ် ဆောက်လုပ်မည်

Listing Description

ဝါးခယ်မ ဇန်နဝါရီ ၁၁

ဧရာဝတီတိုင်းဒေသကြီး ဝါးခယ်မမြို့နယ် ရွှေလောင်းကျေးရွာဆိပ်ကမ်းတွင် ရေပေါ်စျေးသစ်ကို ဆောက်လုပ်မည်ဖြစ်ပြီး ဇန်နဝါရီ ၁၀ ရက်က ပန္နက်တင် မင်္ဂလာအခမ်းအနားကို ကျင်းပသည်။

ပန္နက်တင်မင်္ဂလာ အခမ်းအနားကျင်းပရာတွင် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးဌေးအောင် (မဲဆန္ဒနယ် အမှတ် ၁)၊ မြို့နယ်စည်ပင်သာယာ ရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးအောင်စိုး၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ ဦးမြင့်ကြွယ်နှင့် ကော်မတီဝင်များ၊ သက်ဆိုင်ရာကုမ္ပဏီမှ တာဝန်ရှိသူများက သတ်မှတ်နေရာများတွင် ပန္နက်တင်ပေးကြောင်း သိရသည်။

အလျား ၁၀၈ ပေ၊ အနံ ၈၁ ပေ၊ ရေမျက်နှာပြင်မှ အမြင့်ရှစ်ပေ၊ အခင်းထု ခြောက်လက်မ၊ သံကူကွန်ကရစ် (အမိုးမပါ) ရေပေါ်စျေးသစ်ကို မြို့နယ် စည်ပင် သာယာရေးကော်မတီ၏ ၂၀၂၁ - ၂၀၂၂ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံ ငွေကျပ် ၃၉၉ ဒသမ ၅ သန်းဖြင့် တင်ဒါအောင်မြင်သည့်ကုမ္ပဏီက တာဝန်ယူ တည်ဆောက်မည်ဖြစ်ကြောင်း၊ အဆိုပါ ရေပေါ်စျေး တည်ဆောက်ပြီးစီးသွား ပါက ခြောက်ပေပတ်လည် ဆိုင်ခန်းပေါင်း ၁၀၈ ခန်းပါဝင်ရောင်းချနိုင်မည် ဖြစ်ကြောင်း သိရသည်။

လွှမ်းသီဟ (ပြန်/ဆက်)