ပဲခူးကလပ်

Listing Description

ပဲခူးကလပ်(The Pegu Club)သည် ရန်ကုန်မြို့ ဒဂုံမြို့နယ် ပြည်လမ်းနှင့် စကားဝါလမ်းထောင့်တွင် တည်ရှိပါသည်။ ပဲခူးကလပ်ကို ၁၈၇၁ ခုနှစ်တွင် မူလက ဗြိတိသျှစစ်တပ် တပ်စွဲသည့် ကန်တိုမင်ဧရိယာအတွင်း စတင်ဖွင့်လှစ်ပြီး ၁၈၈၂ ခုနှစ်တွင် ယခုတည်ရှိရာသို့ ပြောင်းရွှေ့ခဲ့ပါသည်။ ၁၉၂၁ ခုနှစ်တွင် ကလပ် အဆောက်အအုံကို ပြောင်းလဲမှုများ ပြုလုပ်ခဲ့ပြီး ဗြိတိသျှ အိမ်ရှေ့စံ ဝေလမင်းသား မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ရာတွင် ဧည့်ခံရန် Prince of Wales ခန်းမဆောင်ကို ထပ်မံထည့်သွင်း တည်ဆောက်ခဲ့ပါသည်။ ပဲခူးကလပ်သည် မြေဧက ၄၀ ကျော်ပေါ်တွင် ဆောက်ထားသည့် သက်တမ်းရင့် ကိုလိုနီခေတ်လက်ရာဖြစ်ပြီး ပင်မဆောင်အပါအဝင် မူလ ဆောင်များကို ကျွန်းသားအပြည့်ဖြင့် ဆောက်လုပ်ထားပါသည်။ အထူးဧည့်သည်တော်များ နေထိုင်ရန် အဆောင်များ၊ မြက်ခင်းစိမ်း များပါသည့်ပန်းခြံ၊ တင်းနစ်ကွင်း များကိုပါ ပဲခူးကလပ်အတွင်း ထည့်ဆောက်ထားပါသည်။ ကိုလိုနီခေတ်အစောပိုင်းတွင် ပဲခူးကလပ်သည် အာဏာရ အင်္ဂလိပ်မျက်နှာဖြူအရာရှိများ စုစည်းရာ အချက်အချာနေရာဖြစ်ပါသည်။ မြန်မာနိုင်ငံရောက် မျက်နှာဖြူအရာရှိများအတွက် အပန်းဖြေရာ၊ တွေ့ဆုံရာနှင့် ယင်းတို့အနွယ်အဖွားများအတွက် ကပွဲများဆင်နွှဲရာ နေရာတစ်ခုဖြစ်ခဲ့ပြီး ၁၉၃၀ ပြည့်နှစ်တွင် ကမ္ဘာတစ်ဝန်း လူကြိုက်များသည့် ပဲခူးကလပ်ကော့တေး အစပြုရာနေရာလည်းဖြစ်ပါသည်။ အာဏာရအင်္ဂလိပ်အရာရှိများ၊ အင်္ဂလိပ်မင်းမှုထမ်းများ၊ လွန်စွာချမ်းသာကြွယ်ဝသော မျက်နှာဖြူစီးပွားရေးလုပ်ငန်းရှင်များကိုသာ ကလပ်အဖွဲ့ဝင်အဖြစ် ဝင်ခွင့်ပြုခဲ့ပြီး အာရှသားများသာမက အင်္ဂလိပ်-မြန်မာကပြားများပင် ခြေချခွင့်မရှိခဲ့သည့် ကန့်သတ်နေရာတစ်ခု ဖြစ်ခဲ့ပါသည်။ ပဲခူးကလပ်သည် ဒုတိယကမ္ဘာစစ် အတွင်း အင်္ဂလိပ်စစ်တပ်များ မြန်မာနိုင်ငံမှ ဆုတ်ခွာချိန်တွင် ဂျပန်စစ်တပ်အရာရှိများ ကြီးစိုးသည့် ထိပ်တန်းကလပ်တစ်ခုအဖြစ် အသွင်ပြောင်းခဲ့ပြန်ပါသည်။ ဂျပန်တို့  ပြန်ဆုတ်ခွာချိန် မဟာမိတ်တပ်များ ရန်ကုန်ကိုပြန်လည် သိမ်းပိုက်အပြီး၌ ဗြိတိသျှလေတပ်အရာရှိများက ပဲခူးကလပ်ကို ပြန်လည်အသုံးပြုခဲ့ပါသည်။ ဗြိတိသျှအရာရှိများ ကျင်လည်ခဲ့ရာ ပဲခူးကလပ်ကို ၁၉၆၅ ဆိုရှယ်လစ်ခေတ်၌ ပိတ်ပစ်ခဲ့ပြီး ပြည်သူပိုင်အဖြစ် သိမ်းခဲ့ပါသည်။ ထို့နောက် တပ်မတော်အရာရှိဆောင်အဖြစ် ခေတ္တအသုံးပြုပြီး တပ်မတော်ငွေစာရင်းရုံးအဖြစ် ၂၀၀၀ ပြည့်နှစ် အစောပိုင်းအထိ ပြောင်းလဲအသုံးပြုခဲ့ပါသည်။ ၂၀၀၀ ပြည့်နှစ် အစောပိုင်းကစ၍ ကလပ်အဆောက်အအုံကို အလုံပိတ်၍ သော့ခတ်ထားပြီး ပြုပြင်ထိန်းသိမ်းခြင်း မရှိခဲ့သောကြောင့် အနည်းငယ် ပျက်စီးယိုယွင်းခဲ့ပါသည်။ ပဲခူးကလပ်ကို ၂၀၁၈ ခုနှစ်တွင် စတင်ကာ ပင်မဆောင်၊ ခန်းမများ၊ ဥယျာဉ်များကို ရှေးမူမပျက်ပြန်လည်ပြင်ဆင်ခဲ့ရာ ၂၀၁၉ ခုနှစ်တွင် မေလနှောင်းပိုင်းတွင် ပြုပြင်မှုပြီးစီးခဲ့ပါသည်။ ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ (YHT)မှ ပဲခူးကလပ်အား ရန်ကုန်မြို့ပြအမွေအနှစ်အထိမ်းအမှတ်အဖြစ် ၂၀၁၉ ခုနှစ်၊ မေလ ၃၀ ရက်နေ့တွင် (၃၀) ခုမြောက်အပြာရောင်ကမ္ဗည်းပြားတပ်ဆင်ခဲ့ပါသည်။