ရခိုင်ဝန်ကြီးချုပ်ဦးညီပု အပါအဝင် ရခိုင်မှာ NLD က လွှတ်တော် ၃ ရပ်ပေါင်း ၇ နေရာအနိုင်ရ၊ ANP က ၁၅ နေရာ အနိုင်ရ

Listing Description

ရခိုင်ပြည်နယ်မှာ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဦးညီပု ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ဂွမြို့နယ် မှာ သူအနိုင်ရရှိခဲ့တဲ့ ပြည်နယ်လွှတ်တော် အမှတ် ၂ နေရာ အပါအဝင် (ဂွ+သံတွဲမြို့နယ်) အမျိုးသားလွှတ်တော်၊ ပြည်သူ့ လွှတ်တော်နဲ့ နောက်ထပ် ပြည်နယ် လွှတ်တော် အမှတ် (၁) နေရာတို့ကို အနိုင်ရရှိထားတယ်လို့ သက်ဆိုင်ရာ ပါတီကိုယ်စားလှယ်တွေ ထံကသိရပါတယ်။ 

အလားတူဘဲ သံတွဲမြို့နယ်မှာလည်း NLD ( ဂွ+သံတွဲ) ပေါင်း အမျိုးသားလွှတ်တော်၁ နေရာ၊ ပြည်သူ့လွှတ်တော် ၁ နေရာနဲ့ ပြည်နယ်လွှတ်တော် ၂ နေရာတို့မှာ အနိုင်ရရှိခဲ့ တယ်လို့ NLD ရခိုင်ပြည်နယ် ပြောခွင့်ရသူလည်းဖြစ် အမျိုးသားလွှတ်တော်ကနေ အနိုင်ရရှိခဲ့တဲ့ ဦးစောဝင်း(ခ) ဦးစိုးလေးက

 ‘‘ ၇ နေရာရတာပေါ့။ တိုင်းဒေသကြီး (၄) နေရာ ပြည်သူက (၂)နေရာ အမျိုးသားက (၁)နေရာပေါ့။ မဲဆန္ဒရှင် တွေကို ကျေးဇူးတင်တာပေါ့ဗျာ။ပြည်သူ့နိုင်ငံရေးဖြစ်လာတာ။ အရမ်းဝမ်းသာပါတယ်။  နိုင်ငံရေးအပေါ် လေးလေးနက်နက်နဲ့ဒီလိုဖြစ်လာတာ အရမ်းဝမ်းသာစရာကောင်းတယ်။ ကျေးဇူးလည်းတင်ပါတယ်။’’ လို့ပြောပါတယ်။

ဒါပေမယ့်လည်း  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အမာခံမြို့နယ် ၂ ခုဖြစ်တဲ့ တောင်ကုတ်နဲ့ မာန်အောင် မြို့နယ်တွေမှာ ရခိုင်အမျိုးသားပါတီ  ( ANP) ကို NLD က ရှုံးနိမ့်ခဲ့ရပါတယ်။

ဒီမြို့နယ် ၂ ခုမှာ လွတ်လပ်ရေးရရှိပြီးတဲ့နောက်ပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲအတွင်း ပြည်မအခြေစိုက် ပါတီကြီးတွေသာ အနိုင်ရရှိခဲ့ပြီး ဒေသအခြေစိုက်ပါတီတွေ အနိုင်မရရှိခဲ့ဖူးဘူးလို့ သိရပါတယ်။

ရခိုင်တပ်မတော် (အေအေ)က ဖမ်းထားတဲ့ NLD ပါတီက ကိုယ်စားလှယ်လောင်း တွေဖြစ်တဲ့ ကိုမင်းအောင်၊ မနီနီမေမြင့်နဲ့ မချစ်ချစ်ချောတို့ ရှုံးသွားတယ်လို့ သိရပါ တယ်။

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်က ဝင်ရောက်ယှဉ်ပြိုင်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုယ်ရေး အရာရှိဟောင်း ဒေါက်တာတင်မာအောင်လည်း ရှုံးနိမ့်သွားတယ်လို့ သိရပါတယ်။

ANP ဟာ တောင်ကုတ်၊ မာန်အောင်၊ စစ်တွေ၊ ရမ်းဗြဲ မြို့နယ် လေးခုက လွှတ်တော် ၃ ရပ်စလုံးမှာ အနိုင်ရသွားခဲ့တယ်လို့ သိရပါတယ်။

USDP ကတော့ အမ်းမြို့နယ်က ပြည်သူ့  လွှတ်တော် တစ်နေရာနဲ့ ပြည်နယ်လွှတ်တော် တစ်နေရာ အနိုင်ရရှိခဲ့သလို ရခိုင်ဦးဆောင်ပါတီ (AFP) က ကျောက်ဖြူမြို့နယ်မှာ ပြည်သူ့လွှတ်တော် ၁ နေရာ၊ ပြည်နယ်လွှတ်တော် ၂ နေရာ အနိုင်ရသွားခဲ့တယ်လို့ သိရပါတယ်။

လွှတ်တော် ၃ ရပ်မှာ ANP  က ၁၅ နေရာ၊ NLD က ၈ နေရာ (ချင်းတိုင်းရင်းသား ရေးရာဝန်ကြီးနေရာ)၊  AFP က ၃ နေရာ၊ USDP ၂ နေရာ အနိုင်ရရှိခဲ့တယ်လို့ သိရပါတယ်။

ဒီ ရလဒ်တွေကို UEC က တရားဝင်အတည်ပြုထုတ်ပြန်ခြင်းတော့မရှိသေးပါဘူး။

#ဘီဘီစီမြန်မာပိုင်း