တက္ကသိုလ်များဆေးရုံ

Listing Description

ရန်ကုန်တက္ကသိုလ်၏ အရေးပါသော အခြားအဆောက်အအုံတစ်ခုသည် တက္ကသိုလ်မှ ဆရာ ဆရာမများအပါအဝင် ဝန်ထမ်းများ၊ ကျောင်းသား ကျောင်းသူများအတွက် ကျန်းမာရေး စောင့်ရှောက်ကုသမှုများပေးနေသည့် တက္ကသိုလ် ဆေးရုံဖြစ်သည်။ တက္ကသိုလ်ဆေးရုံသည် ယခုတက္ကသိုလ်ရိပ်သာလမ်း၏ တောင်ဘက်ခြမ်းတွင်တည်ရှိကာ လိပ်စာမှာ အမှတ် ၁၆၀၊ တက္ကသိုလ်ရိပ်သာလမ်း၊ ကမာရွတ်မြို့နယ် ဖြစ်သည်။

ဆေးရုံအဆောက်အအုံကို မြန်မာဗိသုကာပညာရှင် ဦးသာထွန်းက ‪၁၉၂၇-၁၉၂၈ ခုနှစ်တွင် တည်ဆောက်ခဲ့ရာ ယခုတိုင် မူလလက်ရာအတိုင်း ကျန်ရှိနေသည်။ အလျား ၁၀၃ ပေ၊ အနံ ၄၂ ပေရှိသည့် မူလ တစ်ထပ်အုတ်တိုက် အဆောက်အအုံ၏ အနောက်ဘက်မျက်နှာစာကို ၁၉၆၂ ခုနှစ်တွင် တိုးချဲ့ဆောက်လုပ်ခဲ့သည်။ အတွင်းခန်းမကျယ်ကို စင်္ကြန်လမ်းဖြင့် ပတ်ထားပြီး ပင်မဆောင်အဝင်တွင် ဆင်ဝင်ပေါက်ကို ထည့်သွင်းဆောက်လုပ်ခဲ့သည်။ အခန်း ၁၆ ခန်းပါရှိသည့် ခုတင် ၁၂ လုံးဆံ့ ဆေးရုံဖြစ်သည့် ရန်ကုန်တက္ကသိုလ်ဆေးရုံကို ၁၉၆၄ ခုနှစ်တွင် တက္ကသိုလ်များဆေးရုံဟု အမည်ပြောင်းခဲ့သည်။ ဆေးရုံဝန်ထမ်းများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ခန့်အပ်ကာ တက္ကသိုလ်ဝန်ထမ်းများနှင့် ကျောင်းသား ကျောင်းသူများ၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ယနေ့တိုင် ဆောင်ရွက်လျက်ရှိသည်။

Credit : Myanmar Digital News