သိပ္ပံနှင့် ဝိဇ္ဇာအဆောက်အအုံ

Listing Description

ရန်ကုန်တက္ကသိုလ်ကျောင်းသား ကျောင်းသူများ သိပ္ပံနှင့် ဝိဇ္ဇာပညာရပ်များကို သင်ယူနိုင်ရန် အဆောက်အအုံ နှစ်ခုကို အဓိပတိလမ်း တစ်ဖက်တစ်ချက်စီ၌ မျက်နှာချင်းဆိုင် တည်ဆောက်ခဲ့သည်။ ဝိဇ္ဇာအဆောက်အအုံကို အဓိပတိလမ်း၏ အနောက်ဘက်ခြမ်း၌ ၁၉၂၈ ခုနှစ်တွင် တည်ဆောက်၍ အဓိပတိလမ်း၏ အရှေ့ ဘက်ခြမ်းတွင် သိပ္ပံအဆောက်အအုံကို ၁၉၃၁ ခုနှစ်တွင် တည်ဆောက်ခဲ့သည်။

ဝိဇ္ဇာအဆောက်အအုံတွင် ဝိဇ္ဇာခန်းမ၊ သုံးထပ်စာသင်ဆောင်လေးဆောင်၊ အုပ်ချုပ်ရေးရုံးခန်းနှင့် စာကြည့်တိုက်တို့ကို ထည့်သွင်းတည်ဆောက်ခဲ့သည်။ လေးထောင့်ပုံ သုံးထပ် ပင်မ အဆောက်အအုံသည် အလျား ၉၇၁ ပေ၊ အနံ ၄၈ ဒသမ ၅ ပေ ရှိကာ အတွင်းပိုင်းကို စင်္ကြံပတ်လမ်းများဖြင့် အခန်းများ ဖွဲ့စည်းထားသည်။ ပင်မဆောင်အပေါ်ထပ် အတွင်းပိုင်းနံရံများတွင် စက်ဝိုင်းခြမ်းပုံ ပြတင်းများ တပ်ဆင်ထားသည်။

၁၉၃၁ ခုနှစ်တွင် တည်ဆောက်ခဲ့သည့် အင်္ဂလိပ်အက္ခရာ E ပုံသဏ္ဌာန် သိပ္ပံအဆောက်အအုံတွင် သိပ္ပံခန်းမ၊ သုံးထပ် စာသင်ဆောင် ငါးဆောင်နှင့် ရုံးခန်းများပါရှိသည်။ သိပ္ပံအဆောက်အအုံသည် ၂၀ ရာစု အစောပိုင်း ဗိသုကာလက်ရာ ဖြစ်ကာ ပင်မအဆောက်အအုံ၏ အပေါ်တွင် လခြမ်းပုံမုခ်ကတ်များနှင့် စက်ဝိုင်းပေါက် အင်္ဂတေဇာပြတင်းပေါက်များ တပ်ဆင်ထားသည်။

Credit : Myanmar Digital News