ဘွဲ့နှင်းသဘင်ခန်းမ

Listing Description

ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်တက္ကသိုလ်ဝင်းထဲရှိ ဘွဲ့နှင်းသဘင်ခန်းမအဆောက်အအုံကြီးသည် ၁၉၂၂ ခုနှစ် ဒီဇင်ဘာလ ၂ ရက်နေ့တွင် ဒုတိယဘုရင်ခံ ဆာရက်ဂျီနယ် ဟင်နရီကရက်ဒေါက် (Sir Reginald Henry Creddock) က အုတ်မြစ်ချ၍ ၁၉၃၃ ခုနှစ်တွင် တည်ဆောက်ပြီးစီးခဲ့ကာ ခန့်ညားထည်ဝါစွာနှင့် တည်ရှိနေသည်။ တက္ကသိုလ်ရိပ်သာလမ်းမှ စတင်ဖောက်လုပ်ထားသည့် အဓိပတိလမ်း၏ အဆုံးတွင် တည်ဆောက်ထားသည့် ဘွဲ့နှင်းသဘင်ခန်းမ အဆောက်အအုံသည် ဧက ၄၀၀ ကျယ်ဝန်းသည့် ရန်ကုန်တက္ကသိုလ်ဝင်း အတွင်း၌ ပထမဆုံးဆောက်လုပ်ခဲ့သည့် အဆောက်အအုံဖြစ်သည်။ ဘွဲ့နှင်းသဘင်အဆောက်အအုံသည် ကိုလိုနီခေတ်၊ အနောက်ဥရောပ လက်ရာဖြစ်ကာ ပင်မအဆောက်အအုံသည် လေးထောင့်ပုံဖြစ်ပြီး အရှေ့ဘက်နှင့် အနောက်ဘက်တွင် ပင်မ အဆောက်အအုံနှင့်တွဲလျက် ဆင်ဝင်မုခ်ပေါက်များပြုလုပ် ထားသည်။ အဆောက်အအုံ၏ အလယ်၌ ဘွဲ့နှင်းသဘင်ခန်းမ ကျယ်ရှိပြီး ခန်းမပတ်လည်တွင် အပေါ်ထပ် ပွဲကြည့်စင်ပုံ အထပ်နှစ်ထပ် ပါရှိသည်။ အဆောက်အအုံ၏ မျက်နှာစာတွင် အလှဆင်ထားသည့် လခြမ်းပုံ မုခ်ခုံးသုံးခုသည် ဘွဲ့နှင်းသဘင်ခန်းမ၏ သင်္ကေတ ဖြစ်လာခဲ့သည်။ မျက်နှာစာ၏ ဝဲယာဘေးနှစ်ဖက်တွင် ခြင်္သေ့ရုပ် တစ်ရုပ်စီထားရှိကာ အဆောက်အအုံ ထိပ်နဖူးစည်း၌ တိုးနရားနှစ်ကောင် တစ်ဖက်တစ်ချက် ရံထားသည့် ရန်ကုန်တက္ကသိုလ် အမှတ်တံဆိပ်ကို ပုံဖော်ထားသည်။ အုတ်၊ အင်္ဂတေတို့ဖြင့် တည်ဆောက်ထားသည့် ဘွဲ့နှင်း သဘင်ခန်းမဆောင်သည် မူလလက်ရာအတိုင်းတည်ရှိနေကာ ယနေ့တိုင် ဘွဲ့နှင်းသဘင်အခမ်းအနားများကို နှစ်စဉ်ကျင်းပ လျက်ရှိပေသည်။

Credit : Myanmar Digital News