ကွမ်းခြံကုန်းဖျားနာကုဆေးခန်း၌ ကိုဗစ်သံသယလက္ခဏာအပြင် အထွေထွေရောဂါများလည်း အခမဲ့ပြသနိုင်

Listing Description

ရန်ကုန်   ဇန်နဝါရီ   ၁၃

ကိုဗစ်-၁၉ ကပ်ရောဂါ ထိရောက်စွာ ကာကွယ်ထိန်းချုပ်ကုသနိုင်ရန်အတွက် ရန်ကုန်တိုင်း ဒေသကြီးအတွင်း ဖွင့်လှစ်ထားသော လူထုအခြေပြုဖျားနာကု အခမဲ့ဆေးခန်းများအနက် တစ်ခုအပါအဝင် ဖြစ်သည့် ကွမ်းခြံကုန်းမြို့နယ် ဖျားနာကုဆေးခန်း၌ ကိုဗစ်သံသယ လက္ခဏာအပြင် အထွေထွေရောဂါ များလည်း အခမဲ့ပြသနိုင်မည်ဖြစ်ကြောင်း ယင်း ဆေးခန်းမှ သိရသည်။

ယခင်က အဆိုပါဆေးခန်း၌ ကိုဗစ်သံသယလက္ခဏာများဖြစ်သည့် ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ မောပန်းခြင်း၊ အသက်ရှူကျပ်ခြင်း၊ အနံ့ပျောက်ခြင်း စသည်တို့ကို အဓိကထား ကြည့်ရှုပေးခဲ့ပြီး ယခုအခါတွင် ကိုဗစ်သံသယလက္ခဏာမဟုတ်သည့် အခြား ရောဂါများဖြစ်သော ဆီးချို၊ သွေးတိုး၊ ခေါင်းမူး၊ ဗိုက်အောင့် စသည့် အထွေထွေရောဂါများ ကိုပါ လက်ခံကြည့်ရှုကုသပေးသွားမည်ဖြစ်ကြောင်း သိရသည်။

"ဒီကာလမှာ တချို့ဆေးခန်းတွေကလည်း ပိတ်ထားတာတွေရှိတော့ အထွေထွေပြဖို့ အတွက် အခက်အခဲ‌လေးတွေရှိတယ်။ အဲဒါကို အဓိကရည်ရွယ်ပြီး ကျွန်တော်တို့ ဆရာဝန် တွေနဲ့ We Love Kungyangon အဖွဲ့တို့ တိုင်ပင်ပြီးတော့ အထွေထွေကုအခမဲ့ဆေးခန်းလေး လုပ်ဖြစ်တာပါ။ ကိုဗစ်သံသယလက္ခဏာမရှိဘူး။ အခြားလက္ခဏာတွေဆိုရင် လိုအပ်ရင် ဆေးထိုးတာတို့လုပ်မယ်။ ခုတင်တွေလည်း ပြင်ဆင်ရတယ်"ဟု ကွမ်းခြံကုန်းမြို့နယ် ဖျားနာကုဆေးခန်းတာဝန်ခံ ဒေါက်တာဧ မောင်မောင်သော်က ပြောသည်။

အဆိုပါဆေးခန်းကို အပတ်စဉ် တနင်္လာနှင့် အင်္ဂါနေ့များတွင် နံနက် ၈ နာရီမှ ၁၁ နာရီအထိ ကွမ်းခြံကုန်းမြို့နယ် ထန်းတောကျေးရွာ မင်းသုဝ‌ဏ် ဖောင်ဒေးရှင်းခြံဝင်းအတွင်းရှိ ယင်းဆေးခန်းနေရာ၌ ဖွင့်လှစ်ကုသပေးမည်ဖြစ်သည်။

ဆေးခန်းလာရောက်ပြသမည့်သူများအနေဖြင့် ကြိုတင်စာရင်းပေးသွင်းနိုင်ပြီး ပေးသွင်းလိုပါက ဖုန်း-၀၉-၇၉၉၃၉၅၇၅၆ သို့ ဆက်သွယ်ပေးသွင်းနိုင် ကြောင်း၊ ကြိုတင်စာရင်းမပေးမိပါကလည်း ဆေးခန်း ချိန်အတွင်း လာရောက်ပြသနိုင်ကြောင်း သိရသည်။

ယင်းဆေးခန်းကို ပြည်သူများ၏ ကျန်းမာရေး စောင့်ရှောက်မှု အခမဲ့ဝန်ဆောင်ပေးနိုင်ရန်အတွက် ရေရှည်ဖွင့်လှစ်နိုင်ရန် ရည်ရွယ်ထားပြီး အဓိကပံ့ပိုးမှု အနေဖြင့် We Love Kungyangon လူထုအခြေပြု ပရဟိတအဖွဲ့မှ အလှူရှင်များ၏ လှူဒါန်းငွေနှင့် စုပေါင်း‌ဆောင်ရွက်ခြင်းဖြစ်သည်။

ကိုဗစ်-၁၉ ကပ်‌ရောဂါကာလဖြစ်သည့်အတွက် ဆေးခန်းကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ၏ စည်းကမ်းချက်များနှင့်အညီ စနစ်တကျဖွင့်လှစ် မည်ဖြစ်ပြီး စေတနာ့ဝန်ထမ်းများ၏ ဝိုင်းဝန်းကူညီ ပေးမှုနှင့်အတူ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုဗစ်သံသယလက္ခဏာအပြင် အထွေထွေရောဂါ များကို လာရောက်ပြသနိုင်မည်ဖြစ်ရာ လိုအပ်သည့် ဆေးဝါးများကိုလည်း ဆေးခန်းမှ အခမဲ့ထောက်ပံ့ ပေးမည်ဖြစ်ကြောင်း သိရသည်။

အေးမင်းသူ