ရန်ကုန်မြို့၏ ပထမဆုံး နိုင်ငံတကာအဆင့်မီ မြေအောက်လျှောက်လမ်းဥမင် ဇန်နဝါရီလပြီးစီးရန် ဆောင်ရွက်မည်

Listing Description

ရန်ကုန်  နို၀င်ဘာ ၂၇

ရန်ကုန်မြို့ စိုက်ပျိုးရေးမှတ်တိုင်အနီး ဖောက်လုပ်နေသော  နိုင်ငံတကာအဆင့်မီ ဖြတ်ကူး မြေအောက်လျှောက် လမ်းဥမင်    တည်ဆောက်ရေးစီမံကိန်းကို  ၂၀၂၁ ခုနှစ် ဇန်နဝါရီလကုန်ပိုင်း အပြီးဖောက်လုပ်နိုင်ရေး  ဆောင်ရွက် လျက်ရှိကြောင်း    ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ အဆောက်အအုံဆိုင်ရာလုပ်ငန်းတာ၀န်ခံအဖွဲ့မှ သိရသည်။

ယင်းစီမံကိန်းကို ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီအင်ဂျင်နီယာဌာန(လမ်း/တံတား)မှ အင်ဂျင်နီယာ များ၊    ပြင်ပအင်ဂျင်နီယာများ၊    ရန်ကုန်နည်းပညာ တက္ကသိုလ်များ၊   မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီ၊ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းနှင့် အကြံပေးအဖွဲ့အစည်းများ၊ နိုင်ငံတကာ အရည်အသွေး စံချိန်စံညွှန်းသတ်မှတ်ရေးအဖွဲ့ များနှင့် ဆောက်လုပ်ရေးလုပ်သားများ ပူးပေါင်းဆောင်ရွက် နေခြင်းဖြစ်သည်။

“ကိုဗစ်-၁၉ ရောဂါကာလလည်းဖြစ်တော့ အဆိုင်း တွေနဲ့ခွဲလုပ်နေတဲ့နေရာမှာ လုပ်အားလျှော့ထား တာတွေ လည်းရှိတယ်။ ညဆိုင်းတွေကို  ရပ်ထားတာတွေရှိတယ်။ မြေအောက်မှာ ဆက်သွယ်မြှုပ်နှံထားတဲ့ ကေဘယ်လ်ကြိုး တွေရှင်းလင်းရတဲ့အပိုင်းတွေလည်းရှိတော့  တည်ဆောက် ရေးက  အခက်အခဲအနည်းငယ်ရှိခဲ့တယ်။ ၈၅ ရာခိုင်နှုန်းကျော် ပြီးလာပြီ။   ၂၀၂၁  ခုနှစ်  ဇန်နဝါရီလ ကုန်ပိုင်း လောက်ပြီးဖို့ ဆောင်ရွက်နေပါတယ်။  ဒီထက်စောပြီး ပြီးရင်လည်းပြီးသွားနိုင်ပါတယ်” ဟု  ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ၀င် အဆောက်အအုံဆိုင်ရာ လုပ်ငန်း တာ၀န်ခံအဖွဲ့ဥက္ကဋ္ဌ ဦး၀င်းမြင့်သန်းက ပြောကြားသည်။

သံကူကွန်ကရစ်အမျိုးအစားဖြင့်  ဆောင်ရွက်နေခြင်းဖြစ်ပြီး ၀င်ပေါက်အနေဖြင့် ပြန်ကြားရေးရုံး၀င်းဘက် အခြမ်း ၀င်ပေါက်၊ GGI အာမခံရုံးရှေ့နား၀င်ပေါက်နှင့် ပညာရေး တက္ကသိုလ်၀င်းအနီး (TTC) ၀င်ပေါက်တို့ရှိပြီး စျေးဆိုင်ခန်း များပါ၀င်သော မြေအောက်လမ်းကူး  လူသွားလမ်းဥမင် အမျိုးအစားဖြစ်ကြောင်း သိရသည်။

ပင်မဥမင်အမြင့် ၁၁ ပေ (၃ ဒသမ ၃၅ မီတာ)၊ ဥမင် ခန်းပွင့်အကျယ် ပေ ၄၀ (၁၂ မီတာ)၊ ပင်လယ်ရေမျက်နှာပြင် အမြင့် မီတာ ၃၀၊ မြေအောက်အနက် (ပင်မကြမ်းခင်းအထိ) ၁၅ ပေ ၃ လက်မ၊ ပင်မလူသွားလမ်း အကျယ် ၁၉ ပေ ၈ လက်မရှိကာ စုစုပေါင်း ပင်မဥမင်အလျား ၄၂၇ ပေ ၂ လက်မ ရှိကြောင်း၊ စျေးဆိုင်ခန်း ၁၈ ခန်းပါ၀င်ပြီး ရွေ့လျားစက် လှေကားသုံးစင်းအပြင်  ရှစ်ယောက်စီးမသန်စွမ်းသူများ အသုံးပြုနိုင်သည့်  ဓာတ်လှေကားနှစ်စင်းပါဝင်ကြောင်း၊ ကြမ်းခင်းဧရိယာစုစုပေါင်း ၁၁၅၈၀ စတုရန်းပေကျယ်၀န်းပြီး   တစ်နာရီလျှင် လူဦးရေ ၆၀၀၀ နှုန်းဖြတ်သန်းနိုင်ကြောင်း၊ အဆိုပါစီမံကိန်းကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ၏ ခွင့်ပြုချက်ဖြင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီက ငွေကျပ်သုံးဘီလီယံ အကုန်အကျခံ တည်ဆောက်နေခြင်းဖြစ်ကြောင်း သိရသည်။

ယင်းစီမံကိန်းပြီးစီးပါက ရန်ကုန်ပညာရေး တက္ကသိုလ်၊ တက္ကသိုလ်လေ့ကျင့်ရေးကျောင်း၊ ဆေးတက္ကသိုလ်ကျောင်းသားကျောင်းသူများ၊ ဆရာဆရာမများ၊ Junction Square နှင့် Times City Shopping Mall တို့သို့ နေ့စဉ်နှင့်အမျှ ကူးလူးသွားလာနေကြသော ခရီးသွား ပြည်သူများ   ယာဉ်အန္တရာယ်ကင်းရှင်းစွာ ကူးလူးသွားလာနိုင်မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ  အဆောက်အအုံဆိုင်ရာ လုပ်ငန်းတာ၀န်ခံ အဖွဲ့မှ သိရသည်။

မြင့်မောင်

ယခုကဲ့သို့ နောက်ဆုံးရသတင်းများနှင့် သိရှိလိုသော ဒေသဆိုင်ရာအချက်အလက်များကို www.winnetmyanmar.com နှင့် winnetmyanmar Facebook Page တို့တွင် ဝင်ရောက်ဖတ်ရှု ရေးသား ဆွေးနွေးနိုင်ပါသည်။