ဦးသန့်နေအိမ်ပြတိုက်

Listing Description

ဦးသန့်နေအိမ်ပြတိုက်သည် ရန်ကုန်မြို့ ကမာရွတ်မြို့နယ် ပန်းဝါလမ်း အမှတ် ၃၁ တွင် တည်ရှိပါသည်။ ဦးသန့်နေထိုင်ခဲ့သော ယခုနေအိမ်သည် ကိုလိုနီခေတ်တွင် ဗြိတိသျှအရာရှိများနေထိုင်ရန် ဗြိတိသျှအစိုးရက ဝင်ဒါမီယာဥယျာဉ်စီမံကိန်းအနေဖြင့် ဆောက်လုပ်ခဲ့သော အိမ်များထဲမှ တစ်ခုအပါအဝင်ဖြစ်သည်။ လွတ်လပ်ရေးရအပြီးတွင် အစိုးရအရာရှိများကို ၎င်းအိမ်ယာများတွင် နေရာချထားပေးခဲ့ပါသည်။ ၁၉၆၁ ခုနှစ်မှ ၁၉၇၁ ခုနှစ်ကာလအတွင်း တတိယမြောက် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် တာဝန် ထမ်းဆောင်ခဲ့သူ ဦးသန့်သည် ယခုနေအိမ်ကို လွတ်လပ်ရေးရပြီးစ ကာလတွင် အစိုးရ အဆင့်မြင့်အရာရှိအဖြစ် ၁၉၅၁ ခုနှစ်မှ ၁၉၅၇ ခုနှစ်အထိ ဇနီးသည် ဒေါ်သိန်းတင်၊ သမီး အေးအေးသန့်နှင့် သားတင်မောင်သန့်တို့နှင့်အတူ နေထိုင်ခဲ့ပါသည်။ ၂၀၁၂ ခုနှစ်တွင် ဦးသန့်၏ မြေးဖြစ်သူ ဒေါက်တာသန့်မြင့်ဦးက အဆိုပါနေအိမ်အား အသုံးမပြုဘဲ ထားသည်ကို တွေ့ရှိ၍ သက်ဆိုင်ရာသို့ ခွင့်တောင်းပြီးပြန်လည်မွမ်းမံကာ ပြတိုက်နှင့် အများပြည်သူအတွက် ပွဲလမ်းများကျင်းပသည့် နေရာအဖြစ် အသုံးပြုခဲ့ခြင်းဖြစ်ပါသည်။ ပြန်လည်ပြုပြင် မွမ်းမံထားသောဦးသန့်၏နေအိမ်၌ ဦးသန့်၏ ဘ၀နှင့်လုပ်ဆောင်ချက်များကို အများပြည်သူ လေ့လာနိုင်ရန် ပြခန်းကို ပုံမှန်အားဖြင့် သောကြာ၊ စနေနှင့် တနင်္ဂနွေနေ့များတွင် နံနက် ၁၀ နာရီမှ ညနေ ၅ နာရီအထိ ဖွင့်လှစ်ထားကြောင်း သိရပါသည်။