သာယာဝတီမင်းခေါင်းလောင်း

Listing Description

ရန်ကုန်မြို့ ရွှေတိဂုံစေတီတော်ရင်ပြင် အရှေ့မြောက်ထောင့်တွင် တည်ရှိသည်။ ခရစ်နှစ် ၁၈၄၃ ခုနှစ်တွင် သာယာဝတီမင်း လှူဒါန်းခဲ့သည်။ မြန်မာနိုင်ငံ၌ မင်းကွန်းခေါင်းလောင်းပြီးလျှင် ဒုတိယအကြီးဆုံးခေါင်းလောင်းဖြစ်ပြီး အလေးချိန် ၄၂ တန်ရှိသည်။ ရွှေတိဂုံစေတီတော်တွင် ယခုတိုင် တည်ရှိနေသည့် စဉ့်ကူးမင်းခေါင်းလောင်းနှင့် သာယာ၀တီမင်းခေါင်းလောင်းတို့သည် တစ်လုံးနှင့် တစ်လုံး ချိတ်ဆွဲချိန် ၆၄ နှစ်ကွာခြားခဲ့သော်လည်း ခိုင်မာသော နောက်ခံ သမိုင်းကိုယ်စီဖြင့် ပြည်တွင်း ပြည်ပခရီးသွားများနှင့် ဘုရားဖူးများ အကြားတွင် အထူးထင်ရှားပါသည်။

ခရစ်နှစ် ၁၈၄၃ ခုနှစ် ဖေဖော်ဝါရီလ ၁၉ ရက်တွင် ဟံသာ၀တီ မြို့၀န်နှင့် အရာရှိများ ကြီး ကြပ်၍ ပွဲသဘင်စုံလင်စွာဖြင့် ရွှေတိဂုံ စေတီတော်ရင်ပြင် အရှေ့မြောက်ထောင့်တွင် ချိတ်ဆွဲလှူဒါန်းခဲ့ရာ သာယာ၀တီမင်းကြီးကား ထိုပွဲသဘင်သို့မကြွရောက်နိုင်ခဲ့ဘဲ ခေါင်းလောင်းတော်ကြီးအား “ မဟာ တိသဒ္ဒ ဃဏ္ဍ ရာဇာ ” ဟု ဘွဲ့အမည်ပေးခဲ့သည်။

သာယာ၀တီ ခေါင်းလောင်းကြီးသည် အမြင့် ပေ ၂၀၊ အ၀ ခုနစ် ပေ ခြောက်လက်မ ခန့်ရှိ ကြောင်း Shwedagon - Symbol of strength and serenity စာအုပ်တွင် ဖော်ပြထားသည်။ သမိုင်းပညာရှင် ဆရာကြီး ဒေါက်တာသန်းထွန်းက အနား လုံးပတ် ၂၂ ပေ ခြောက် လက်မ၊ ထု တစ်ပေ သုံးလက်မရှိကြောင်း ရေးသားခဲ့သည်။

ခေါင်းလောင်းတော်ကြီး၏ အတိုင်းအတာ နှင့် အလေးချိန်တို့ကို ကုန်းဘောင်ဆက် မဟာရာဇ၀င်တွင်“အရပ် ကိုးတောင် တမိုက်သုံးသစ်၊အနား လုံးပတ် တဆဲ့ငါးတောင်၊ခါးစည်း လုံးပတ် တဆဲ့သုံးတောင် တမိုက်လေးသစ်၊ထု နှစ်မိုက် လေးသစ်၊ကြေးစင်ချိန် ပိဿာ နှစ်သောင်း ငါးထောင်ကိုးရာ လေးဆယ်၊ ကျပ် လေးဆဲ့ကိုးကျပ်“ ဟု ရေးသားဖော်ပြထားသည်။ (မူရင်းသတ်ပုံအတိုင်းဖြစ်ပါသည်။)

ခေါင်းလောင်းတော်ကြီးတွင် ရေးထိုးထားသော မှတ်တမ်းကမ္ဗည်းစာ ကြောင်းရေ (၇၉)တွင်“ ၀န်ကြီး မဟာ စည်သူ၊ ပန်းတဉ်း၀န်၊ လက်နက် တိုက်၀န်၊မင်းကြီး မဟာမင်းကျော် သင်္ခရာတို့ ကြီးကြပ် ဖန်ဆင်း သွန်းလုပ်ကြ၍ ပြီးအောင်မြင်ခြင်း သို့ ရောက်သော သဒ္ဒ ဒါန ကုသိုလ်တော် ကြေးစေ ။ ကျပ်ချိန်ပေါင်း ၂၅၉၄၀၄၉ိ” ဟု လည်းကောင်း၊ စာကြောင်းရေ(၈၀)တွင်“ကိုင်း နရသီဟ ခြင်္သေ့ လေးစီးနှင့် တကွ အရပ် ၉င်္ ၁ိ ၃ံ ။ အချင်း ၅င်္ ။ လုံးပတ် ၁၅င်္ ။ အထူ ၂ ိ ၄ံ ရှိသော မဟာ တိသဒ္ဒဃဏ္ဍ အမည် ရှိသော ခေါင်းလောင်း ကြီးကို သွန်းလုပ် ချောမြေ့စေ၍” ဟုလည်းကောင်း ရေးထိုးခဲ့သည်။

ခေါင်းလောင်း၏ ပုဇွန်တုပ်ကွေးတွင် တိုင်ထောင်နယားနှစ်ကောင်ပါရှိကာ ၀င်ရိုးတစ်ဘက်စီ၌ ကိန္နရီ တစ် ကောင်စီနှင့် ပေါင်းကိုင်းတစ်ဘက်စီတွင် မနှုဿီဟ တစ်ကောင်စီကို ကို ထည့်သွင်း ထုလုပ်ခဲ့သည်။

ခေါင်းလောင်းတော်တွင် ခေါင်းလောင်းစာ ကြောင်းရေ ၁၀၀ ရေးထိုးထားသည့်အနက် စာကြောင်းရေ(၁) မှ (၂၈) အထိ သည် ပါဠိဘာသာစာသားများဖြစ်၍ ကြောင်းရေ (၂၈) မှ (၁၀၀) အထိမှာ ပါဠိ နိဿယ များဖြစ်သည်။

ခေါင်းလောင်းစာကြောင်းရေ ၆၀ အထိကို ဂေါတမဘုရားရှင်ဖြစ်တော်စဉ်များကို ပရိနိဗ္ဗာန်ပြုချိန်အထိ ရေးထိုးကာ စာ ကြောင်းရေ (၆၁) မှစ၍ သာသနာတော် ၂၃၈၀ ပြည့်နှစ် ၊ ကောဇာသက္ကရာဇ် ၁၁၉၈ ခုနှစ် ကဆုန်လဆန်း ၆ ရက်နေ့ရက်စွဲဖြင့် အစချီကာ `သလ္လာ၀တီ၊ ဒုဋ္ဌာ၀တီ၊ ဧရာ၀တီ၊ ဇော်ဂျီ၊ မက္ခရာ၊ စံမ္ပါ ၊ ပန်းလောင် ဟူသော မြစ် ခုနစ်စင်းတို့၏ ရှက်စင်းပေါင်းစုံရာ လည်းဖြစ်ထသော`ဟု အစချီလျက် သာယာ၀တီမင်းကြီး၏ ဆောင်ရွက်ချက်များကို ရေးထိုးခဲ့သည်။

စာကြောင်းရေ (၇၀) မှစ၍ ကောဇာသက္ကရာဇ် ၁၂၀၃ ခုနှစ် တော်သလင်းလပြည့်ကျော် ၇ ရက်၊ တနင်္လာနေ့တွင် မင်းမိဖု ရား၊ သားတော် သမီးတော် ဆွေတော်မျိုးတော်၊ များစွာသောမှူးမတ်ဗိုလ်ပါများနှင့် ဒဂုံသို့ ရေကြောင်းဖြင့်စုံခဲ့ပုံ၊ ရွှေတိဂုံ စေတီ တော်မှ အနောက်ဘက်တာ ၃၀၀ အကွာ၌ ဆောက်လုပ်ထားသော ရွှေနန်းတော်၌ စံခဲ့ပုံ၊တာ၀န်း ၁၈၀ ရှိသည့် မြို့ကိုတူးဖို့ တည် ထားခဲ့ပုံ၊ရွှေတိဂုံစေတီတော်ကို ရွှေမျက်ပါးကပ်လှူခဲ့ပုံ၊ခေါင်းလောင်းတော်ကြီးကို သဒ္ဒ ဒါနအဖြစ် လှူဒါန်းချိတ်ဆွဲခဲ့ပုံ တို့ကို ရေးထိုး ခဲ့သည်။

ခေါင်းလောင်းစာ ကြောင်းရေ(၁၀၀)တွင်` ကြည်က စေတနာ ၊ မြတ်ရွှေဗျာနှင့်။ မဟာသီရိဇေယျသုရ၊ နိက္ခရောင်လှည်။ ရွှေဘဲတပ်၍၊ရှစ်ရပ်တော်ညံ၊ ကောင်းကြီးသဖြင့်၊ ဘူသံပတိ၊ သိခါနတ်ကောင်း၊ညီညီမောင်းသည်၊ခေါင်းလောင်း ရွှေစာမှော် ကွန်း တည်း ။ နိဗ္ဗာန ပစ္စယော ဟောတု၊ ပု ၊ဒိ ၊ အာ `ဟု ရေးထိုးကာ နိဂုံးချုပ်ခဲ့သည်။

ခေါင်းလောင်း ကမ္ဗည်းစာများသည် သာယာ၀တီ မင်းကြီး၏ နန်းတက်ချိန် မှစ၍ ပြုခဲ့သမျှသော ကုသိုလ်ဒါန ကောင်းမှု အစုစုကို ရေးသားထားသည့် မှတ်တမ်းစာများဖြစ်ကာ ဆုတောင်းနှင့် အမျှ ပေးဝေမှုကို ဝေ၀ဆာဆာ ရေးထိုးထားပြီး ခေါင်းလောင်း စာများအကြား အချို့နေရာ များတွင် အင်းကွက် ပုံစံများကို ထည့်သွင်းရေးထိုးခဲ့သည်။