ဝါးခင်းကုန်းဘုရား (သို့) မာရ်အောင်ရတနာစေတီတော်

Listing Description

ဝါခင်းကုန်းဘုရားသည် မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ဝါခင်းကုန်းရပ်၊ ၅၇ လမ်း၊ ၃၂ လမ်းနှင့် ၃၃ လမ်းအနီးတွင် တည်ရှိပါသည်။ သီပေါမင်းက သက္ကရာဇ် ၁၂၄၁ ခုနှစ်၊ ကဆုန်လဆန်း ၄ ရက်၊ အင်္ဂါနေ့တွင် တည်ထားကိုးကွယ်ခဲ့ပြီး မာရ်အောင်ရတနာစေတီတော် ဟူ၍ ဘွဲ့အမည်သမုတ်ခဲ့သည်။ ကာလကြာသော် ဝါခင်းကုန်းအရပ်၌ တည်ထားသဖြင့် ဝါခင်းကုန်းစေတီဟု ခေါ်တွင်လျက်ရှိသည်။ စေတီတော်သည်  ဖိနပ်တော် ၅၅ တောင်၊ အရပ်တော် ၅၆ တောင် ရှိပါသည်။ ကျယ်ဝန်းသော ဝါခင်းကုန်းဘုရားဝန်းအတွင်း၌ အလိုတော်ပြည့်ပေါ်တော်မူမြတ်စွာဘုရား၊ ဆုတောင်းပြည့်ပေါ်တော်မူမြတ်စွာဘုရား၊ ဆုတောင်းပြည့် မြတ်စွာဘုရား စသော သပ္ပါယ် ကြည်ညိုဖွယ်ရာ ဘုရားသုံးဆူကို ဖူးမြော်ကြည်ညိုနိုင်ပါသည်။ ထို့ပြင် ဘုရားပရိဝုဏ်အနီး၌ ကျိုက်ထီးရိုးပုံစံတူ စေတီတော်၊ ကျိုက်ထီးရိုး ဘိုးဘိုးကြီး၊ ရတနာမုနိ ဓာတ်ပေါင်းစု မြတ်စွာဘုရား တို့ကိုလည်း ဖူးမြော်ကြည်ညိုနိုင်ပါသည်။ ဝါခင်းကုန်းဘုရား ဗုဒ္ဓပူဇနိယပွဲတော်ကို နှစ်စဉ် တပို့တွဲလပြည့်ကျော် ၂ ရက်နေ့၌ ကျင်းပလျက်ရှိပြီး ပွဲတော်ရက်တွင် စေတီတော်အနီး၌ ပန်းခင်းပွဲတော် ပြိုင်ပွဲကို စည်းကားသိုက်မြိုက်စွာ ကျင်းပလေ့ ရှိပါသည်။