သွေးဆေးကန်

Listing Description

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်၊ ရွှေတိဂုံစေတီတော်၏မြောက်ဘက်မုခ်အနီးရှိ သွေးဆေးကန်သည် ပထမအင်္ဂလိပ်မြန်မာစစ်ပွဲနှင့် ဒုတိယအင်္ဂလိပ်မြန်မာစစ်ပွဲများတွင် မြန်မာသူရဲကောင်းစစ်သည်များ၏ မိမိတို့တိုက်ပွဲဝင် သွေးစွန်းသောဓားများ ဆေးကြောခဲ့ကြသည့်ကန်ဟု အများယုံကြည် လက်ခံထားကြပါသည်။ ထိုရေကန်အနီးတွင် သွေးဆေးကန်အထိမ်းအမှတ် ရုပ်တုနှင့် သွေးဆေးကန်သမိုင်း မော်ကွန်းကျောက်တိုင် ရှိသည်။ သွေးပေနေသော ဓားကို ဆေးကြောနေသည့်ဟန် ပြုလုပ်ထားသည့် ရုပ်တုမှာ ပန်းပုဆရာကြီး ဦးဟန်တင်၏ လက်ရာဖြစ်ပါသည်။ ရှေးအခါက ထိုကန်အနီးတွင် ကျွဲခေါင်းသီးပင်များ ပေါက်ရောက်သောကြောင့် ကျွဲခေါင်းသီးကန်ဟု ခေါ်ခဲ့ပါသည်။ အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲတွင် ထိုကန်ကို စကော့ချ်တင့် (Scotch Tank) ဟု ခေါ်ခဲ့ပါသည်။

ဘိုးတော်ဘုရား(ဗဒုံမင်း)လက်ထက်တွင် ဗြိတိသျှလူမျိုး သံကိုယ်စားလှယ် ကပ္ပတိန်ဟီရမ်ကောက်စ်က ရွှေတိဂုံဘုရား မြောက်ဘက်မုခ်အနီးတွင် ကန်တစ်ကန်ရှိကြောင်းနှင့် ထိုကန်ကြီး၏ မြေသား မြေဆီလွှာ သဘောသဘာဝနှင့် ရေတွင်ပါဝင်သော ဓါတ်ပေါင်းများကို လေ့လာ၍ သုသေတနမှတ်တမ်း ရေးသားခဲ့ဖူး၏။ ထိုမှတ်တမ်းတွင် ကန်ရေ၌ ဆေးဘက်ဝင် ဓါတ်သတ္ထုများ အတန်အသင့် ပါဝင်သည်ဟု ဆိုပါသည်။ သို့သော် ထိုရေသည် ရောဂါဘယ ပျောက်ကင်းစေသည်၊ ခွန်အားတိုးစေသည် ဟူသော မှတ်တမ်းမှတ်ရာများ မရှိခဲ့ပါ။

၁၈၁၁ ခုနှစ် နိုဝင်ဘာလ ၅ ရက်နေ့စွဲဖြင့် ထုတ်ပြန်ခဲ့သော ဗဒုံမင်း၏ အမိန့်တော်တွင် ရန်ကုန်မြို့ သွေးဆေးကန်က ရေ-လုံးရေ ၁ဝကို ဟံသာဝတီမြို့ဝန်က ရွှေဖဝါးတော်အောက်ကောင်းမွန်အောင် ဆောင်ယူဆက်သလာစေ ဟူ၍ ပါရှိသည်။ အမိန့်တော်အရ သွေးဆေးကန်သည် ဗဒုံမင်းလက်ထက်ကပင် ရှိနေပြီဖြစ်ကြောင်း သွေးဆေးကန်မှရေကို ဗဒုံမင်းက အမရပူရ နေပြည်တော်သို့ ပေးပို့ရန် အမိန့်ထုတ်ပြန်ကြောင်း သိရှိရပါသည်။ ထို့ကြောင့် သွေးဆေးကန်သည် ဗဒုံမင်းလက်ထက်တွင်ကတည်းက သွေးဆေးကန်အမည်ဖြင့် တည်ရှိနေသည်ဟု ယူဆကြပါသည်။