သန်းနွဲ့ (၁၉၂၁ - ၁၉၇၁)

Listing Description

အဖ ဦးထွန်းမောင် (မီးရထားဝန်ထမ်း)နှင့် အမိ ဒေါ်လွန်းတို့က ၁၄-၂-၁၉၂၁ ရက်၊ တနင်္လာနေ့တွင် မိတ္ထီလာမြို့၌ ဖွားမြင်ခဲ့ပြီး အမည်ရင်းမှာ မောင်လှမောင်ဖြစ်သည်။ မွေးချင်း ၅ ယောက်ရှိသည့်အနက် တတိယမြောက်ဖြစ်သည်။ မန္တလေးမြို့ B.T.N ဗုဒ္ဓ သာသနာ့နုဂ္ဂဟအသင်းမှ ကြီးမှူးသည့် ဟိုက်စကူး (အထက်တန်းကျောင်း) မှ မက်ထရစ် (၁၀) တန်းအောင်မြင်ခဲ့ပြီး မီးရထားဌာန၊ ကြေးနန်း ဆက်သွယ်ရေးဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ရုပ်ရှင် လူကြမ်းနှင့် ဟာသသရုပ်ဆောင် သာဂေါင်ကြီး(ဦးလှမောင်)နှင့် ဆက်နွှယ် ပြီး ဝန်ထမ်းဘဝမှ နုတ်ထွက်ကာ ရန်ကုန် ရုပ်ရှင်လောကသို့ ဝင်ရောက်ခဲ့ သည်။

၁၉၄၆ ခုနှစ် အသံတိတ်ခေတ် အေဝမ်းဖလင်မှ ဒါရိုက်တာ ဦးဘရှင် ရိုက်ကူးခဲ့သော ခေတ်သစ်ဖာတစ်လုံး ခေါင်းကျား ဇာတ်ကား တွင် ဇာတ်ပို့၊ ဇာတ်ရံအဖြစ် ပွဲဦးထွက်သရုပ်ဆောင်ခဲ့သည်။ ဇာတ်ပို့ ဇာတ်ရံ၊ လူရွှင်တော်၊ ဟာသမင်းသား၊ ဒါရိုက်တာ၊ ထုတ်လုပ်သူစသည်ဖြင့် ရိုက်ကူးခဲ့သော ဇာတ်ကားပေါင်း ၁၄၃ ကားရှိခဲ့ပြီး အများပိုင်အဖြစ် စံပြ ရုပ်ရှင်၊ ပုဂ္ဂလိက တစ်ဦးတည်းပိုင်အဖြစ် ရွှေနဲ့မြ ရုပ်ရှင်ကုမ္ပဏီတို့ကို ထူထောင်နိုင်ခဲ့သည်။ ခေါင်းဆောင်မင်းသားအဖြစ် ရိုက်ကူးခဲ့သော ဇာတ်ကားများမှာ မာမရှိန်း(၁၉၅၀)၊ ကာတွန်းအောင်ရှိန်၏ နာမည်ကျော်ကာတွန်း ဇာတ်ဆောင် စံရှား-ဒိန်းဒေါင်၏ ဇာတ်လမ်းများကို ရုပ်ရှင်အဖြစ် အသက်သွင်းရိုက်ကူးထားသော မှားတဲ့အခါလည်း မှားပေမပေါ့ (၁၉၆၄)၊ အောင်ပင်လယ် (၁၉၆၅)၊ အံ့ဩကုန်နိုင်ဖွယ် (၁၉၆၆) နှင့် လကမ္ဘာသို့ (၁၉၆၈) ဇာတ်ကားများဖြစ်သည်။

ဒါရိုက်တာအဖြစ် ရိုက်ကူးခဲ့သော ဇာတ်ကားများမှာ လင်းဆွဲ (၁၉၅၀)၊ ချစ်ပြဿနာ (၁၉၆၇)၊ တိုင်းကျော် (၁၉၅၉)၊ အချစ်ရေ (၁၉၆၀)၊ စန်းပွင့်လာပြီ (၁၉၆၀)၊ ကျွန်တော်ဇာတ်လမ်း (၁၉၆၀)၊ ကဲမာမာပဲ (၁၉၆၁)၊ စိန်လားဟေ့မောင်တို့ (၁၉၆၁)၊ မိချစ်တဲ့မောင် (၁၉၆၂)၊ ဖြစ်ချင်တာလည်း မဖြစ်ရပါ (၁၉၆၂)နှင့် မောင်ချော့မြှူပါ့မယ် (၁၉၆၃) တို့ဖြစ်သည်။

ဘဝကြင်ဖော်အဖြစ် ဒေါ်ခင်ရွှေ၊ ဒေါ်သန်းမြတို့နှင့် ဖူးစာဆုံခဲ့ပြီး (၁) သားကြီး ရုပ်ရှင်သရုပ်ဆောင်ရဲထွန်းနွဲ့ (ဩစတြေးလျ)၊ (၂) သမီးမြင့်မြင့်နွဲ့ (ဂျပန်)၊ (၃) ဟာသသရုပ်ဆောင်သန်းနွဲ့လေး (ကွယ်လွန်)၊ (၄) သား ရုပ်ရှင်သရုပ်ဆောင် သန်းထွန်းနွဲ့ (အင်္ဂလန်၌ ကွယ်လွန်)၊ (၅) သားငယ် ဒါရိုက်တာ ထွန်းအေးနွဲ့ (ဂျပန်) တို့ကို မွေးဖွားခဲ့ သည်။

ဒုတိယကမ္ဘာစစ်ကြီးအပြီး ၁၉၄၉ ခုနှစ်သို့အရောက် ပြဇာတ် များ ခေတ်စားလာချိန် တစ်ဖက်မှ ရုပ်ရှင်ရိုက်ရင်း အခါအခွင့်သင့်ပါက ပန်းဆိုးတန်း ဝင်းဝင်းရုံ၊ လမ်းမတော်အနောက်ပိုင်း ကာဌေးရုံ၊ ရေကျော် ဇော် ပြဇာတ်ရုံတို့တွင် သရုပ်ဆောင်၊ ဒါရိုက်တာအဖြစ် ပြဇာတ် ပေါင်းများစွာ တင်ဆက်ကပြခဲ့သည်။ ပြဇာတ်ဒါရိုက်တာအကျော်အမော် များ ဖြစ်ကြသော အလင်္ကာကျော်စွာ ဒဂုန်ဆရာတင်၊ ကျွန်တော် ချစ်မောင်၊ ဗိုလ်ကလေးတင့်အောင်တို့နှင့် ခေတ်ပြိုင်ဖြစ်ပြီး ပြဇာတ် ပရိသတ်ကို အောင်မြင်စွာ ပျော်တော်ဆက်နိုင်ခဲ့သူဖြစ်သည်။

ဟာသအနုပညာများ ဖန်တီးတင်ဆက်မှု အရှိန်ကောင်းနေဆဲ အသက် ၅၀ အရွယ်သို့အရောက် ကျန်းမာရေးချို့တဲ့လာသည့်အတွက် သားကြီးရဲထွန်းနွဲ့နှင့်အတူ အင်္ဂလန်သို့ သွားရောက်ဆေးကုသခဲ့သည်။ သို့သော် ရောဂါကျွမ်းနေပြီဖြစ်သည့်အတွက် ၇-၁-၁၉၇၁ ရက်နေ့တွင် လည်ချောင်း ကင်ဆာဖြင့် ကွယ်လွန်ခဲ့သည်။