တော်လှန်ရေးပန်းခြံ

Listing Description

သမိုင်းဝင်တော်လှန်ရေးပန်းခြံသည် ရန်ကုန်မြို့ ဒဂုံမြို့နယ် ဦးဝိစာရလမ်းနှင့် ဓမ္မစေတီလမ်းထောင့်တွင် တည်ရှိပြီး မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းတွင် အရေးပါသော အထင်ကရနေရာ တစ်ခုဖြစ်ပါသည်။ တပ်မတော်နေ့အခမ်းအနားများကို ၂၀၀၅ ခုနှစ်၊ နှစ် ၆၀ ပြည့်နှစ် တပ်မတော်နေ့အထိ နှစ်စဉ်နှစ်တိုင်း ကျင်းပခဲ့သည့် နေရာဖြစ်ပါသည်။ ယခုအခါ တပ်မတော်နေ့အခမ်းအနားများကို နေပြည်တော်ရှိ စစ်ရေးပြကွင်းကြီးတွင် ပြုလုပ်လျက်ရှိပါသည်။ တော်လှန်ရေးပန်းခြံကို ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၁ ရက်နေ့မှ စတင်ပြီး နေ့စဉ်နံနက် ၅ နာရီမှ ည ၉ နာရီအထိ အများပြည်သူများ ဝင်ရောက်လေ့လာ ကြည့်ရှုအပန်းဖြေနိုင်ရန် ဖွင့်လှစ်ပေးထားပါသည်။ ပန်းခြံထဲတွင် ၁၉၄၅ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းမှ ဖက်ဆစ်ဂျပန်တော်လှန်ရေးအတွက် သမိုင်းဝင်စစ်ထွက်မိန့်ခွန်း ပြောကြားခဲ့သော နေရာရှိ စစ်ထွက်သပြေပင်၊ ဗိုလ်ချုပ်၏ စီးတော်မြင်းချည်ခဲ့သော မြင်းချည်သပြေပင်၊ အလေးပြုခံစင်မြင့်နှင့် အလံတိုင်များ၊ ဗိုလ်ချုပ်ကြေးရုပ်၊ မီးရှူးတိုင်များ၊ ကျန်းမာရေး ကိုယ်လက်လေ့ကျင့်ရေးကွင်းများ၊ ရေပန်းများ၊ ကလေးကစားကွင်းများနှင့် ပြင်ဆင်ထားရှိပါသည်။