တောင်ကွဲစေတီ

Listing Description

ကယားပြည်နယ်၏ ကျက်သရေဆောင် ကိုးစိတ်ကိုးမွှာ ကွဲနေပြီး ကျောက်ဆောင်တောင်ထွဋ် ကိုးခုရှိသော သီရိမင်္ဂလာတောင်သည် ကယားပြည်နယ်၊ လွိုင်ကော်မြို့၏ တောင်အရပ်တွင် တည်ရှိပါသည်။ ရှေးယခင်က မင်္ဂလာတောင်တော် ဟုလည်းခေါ်ဆိုခဲ့သည်။ ကယားဘာသာဖြင့် "ဖော်မြဲ"၊ မြန်မာဘာသာဖြင့် "တောင်ကွဲ"၊ ရှမ်းဘာသာဖြင့် "လွိုင်ဖာဖတ်"ဟု တွင်သည်။ တောင်တော်မြတ်သည် အမြင့် ၃၈၇ ပေ ရှိသည်။ ကိုးစိတ်ကိုးမွှာ ကွဲနေသော ကျောက်ဆောင်တောင်ထွဋ်တိုင်းတွင် စေတီတော် တစ်ဆူစီ တည်ထားပါသည်။ ၁၈၉၅ ခုနှစ်မှာ သာသနာပြုတလီလောဘုန်းကြီးညွှန်ကြားချက်အရ ရွှေယပ်တောင်ကို ဌာပနာတည်ပြီး ဉာဏ်တော် ၂၂ တောင်ရှိ ရွှေယပ်တောင်စေတီတော်ကို စတင်တည်ထားကိုးကွယ်ခဲ့သည်။ ၁၉၁၃ ခုနှစ်မှတွင် ဉာဏ်တော် ၉ တောင်ရှိ ရွှေရင်အေးစေတီတော်၊ ၁၉၁၄ ခုနှစ်တွင် ဉာဏ်တော် ၉ တောင်ရှိ ကျောက်သမ္ဗာန်စေတီတော်၊ ၁၉၂၉ ခုနှစ်တွင် ဉာဏ်တော် (၁၆)တောင်ရှိ အောင်တော်မူစေတီတော်၊အရံစေတီတော်(၆)ဆူနှင့်အတူဆုတောင်းပြည့်စေတီတော်၊ ၁၉၃၃ ခုနှစ်တွင် ဉာဏ်တော် ၂၄ တောင်ရှိ ပြည်လုံးချမ်းသာ(ပင်မစေတီတော်)နှင့် ဉာဏ်တော် ၉ တောင်ရှိ အောက်ကျိုက်ထီးရိုးစေတီတော်၊ ၁၉၃၄ခုနှစ်တွင်ဉာဏ်တော် ၁၂ တောင်ရှိအထက်ကျိုက်ထီးရိုးစေတီတော်၊ ၁၉၅၀ ခုနှစ်တွင် ဉာဏ်တော် ၁၄ တောင်ရှိ ရွှေပြည်အေးစေတီတော်၊ ၁၉၉၂ ခုနှစ်တွင် ဉာဏ်တော် ၁၂ တောင်ရှိဇေယျာသိဒ္ဓိ(ပါရမီ)စေတီ၊ ၁၉၉၉ခုနှစ်တွင် ဉာဏ်တော် ၅ တောင်ရှိကန္ဒရဝတီစေတီတော်တို့ကို တည်ထားကိုးကွယ် ခဲ့ကြပါသည်။ တောင်ကွဲစေတီတော်ပေါ်မှ လွိုင်ကော်တစ်မြို့လုံးကို ထင်ထင်ရှား လှမ်းမြင်နိုင်ပါသည်။