အံတော်ရှင်စေတီ

Listing Description

အံတော်ရှင်စေတီသည် ကချင်ပြည်နယ် မြစ်ကြီးနားမြို့ တောင်တန်းသာသနာပြု(ဗဟို)ကျောင်းတိုက် အတွင်း တည်ထားကိုးကွယ်ထားပါသည်။ စေတီတော်ကို တောင်တန်းသာသနာပြုအထိမ်းအမှတ်အဖြစ် ၁၃၁၇ ခုနှစ် ပြာသိုလဆန်း ၈ ရက်နေ့ နံနက် ၉ နာရီတွင် ပန္နက်တင်အုတ်မြစ်ချ တည်ဆောက်ခဲ့ပါသည်။ စေတီတော်ကြီး တည်ထားရာတွင် တရုတ်နိုင်ငံ ကွမ်ချီတဆုဘုရားကျောင်း (ပီကင်း)မှ အံတော်မြတ်ကို  ၁၉၅၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့၌ နိုင်ငံတော်ဗုဒ္ဓဘာသာအဖွဲ့မှ ရန်ကုန်သို့ပင့်ဆောင်ကာ မြန်မာနိုငံ၌ လှည့်လည်အပူဇော်ခံရာတွင် အများပြည်သူများလှူဒါန်းသော အလှူငွေကျပ် ၁၄၁၀၀ ဖြင့် တည်ဆောက်အပြီးသတ်ခဲ့ပါသည်။ တရုတ်နိုင်ငံမှ ပင့်ဆောင်လာသော အံတော်မြတ်အား မြန်မာနိုင်ငံတွင် အစဉ်ကိန်းဝပ်စမ္ပာယ်စေမည့်နေရာဌာန စဉ်းစားကြသောအခါ အံတော်မြတ်အလှူတော်ငွေဖြင့် အပြီးသတ်တည်ဆောက်ထားသော မြစ်ကြီးနားမြို့ အောင်တော်မူသကျမာရဇိန်စေတီတော်တွင် ကိန်းဝပ်တော်မူထားရန် အသင့်လျော်ဆုံးဖြစ်သည်ဟု နိုင်ငံတော်ဗုဒ္ဓဘာသာအဖွဲ့မှ ဆုံးဖြတ်ကြသည်။ သို့ဖြင့် အံတော်မြတ်အား ကချင်ပြည်နယ်ဦးစီးအဖွဲ့မှ ဦးစီး၍ ၁၉၅၉ ခုနှစ် စက်တင်ဘာလ ၂၈ ရက်နေ့တွင် ရန်ကုန်မြို့မှပင့်ဆောင်၍ ၁၉၅၉ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့တွင် ရောက်ရှိကိန်းဝပ်စံမ္ပါယ်ကာ အံတော်ရှင်စေတီ ဟူ၍ ဘွဲ့အမည်တွင်ခဲ့ပါသည်။