အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၊ ဒဂုံ

Listing Description

အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း၊ ဒဂုံ သည် မြန်မာနိုင်ငံ၊ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်၊ အလံပြဘုရားလမ်းတွင် တည်ရှိသည်။ ၁၈၈၂ ခုနှစ်တွင် လွစ္စလမ်း (ယခုဆိပ်ကမ်းသာလမ်း)တွင် မက်သဒစ် အင်္ဂလိပ်မိန်းကလေးကျောင်းအဖြစ် စတင်တည်ထောင်ခဲ့သည်။ ထို့နောက်ကျောင်းကို လန်ကတ်စ်တာလမ်း (နဝဒေးလမ်း)နှင့် အလံပြဘုရားလမ်းထောင့်ရှိ ယခုလက်ရှိကျောင်းဝင်းသို့ ပြောင်းရွှေ့ကာ မက်သဒစ်အင်္ဂလိပ်မိန်းကလေးအထက်တန်းကျောင်းအဖြစ် ပြောင်းလဲခဲ့သည်။ အမျိုးသားကျောင်းသားများကိုမူ မူလတန်းအဆင့်ထိသာ လက်ခံခဲ့သည်။ ကျောင်းဝင်းသည် ၃.၀၃ ဧက ကျယ်ဝန်းပြီး ကျောင်းအဆောက်အအုံမှာ အရှည် ၂၁၃ ပေ၊ အကျယ် ၁၄၅ ပေ ကျယ်ဝန်းသည့် ဗစ်တိုးရီးယားခေတ်ပုံစံ သုံးထပ်ပါအဆောက်အအုံဖြစ်သည်။ ဒုတိယကမ္ဘာစစ်အတွင်းတွင် ၆ နှစ်ခန့်ပိတ်ထားခဲ့ပြီး မူလအဆောက်အအုံလည်း ပျက်စီးသွားခဲ့သည်။ ထို့ပြင် ဂျပန်အစိုးရလက်ထက်တွင်လည်း ကျောင်းအဆောက်အအုံကို ဗမာ့လွပ်လပ်ရေးတပ်မတော် (BIA) ၏ ရုံးခန်းအဖြစ်အသုံးပြုခဲ့ပါသည်။ ထိုနောက်တွင် ပျက်စီးသွားသောအဆောက်အအုံများကို ထိုအချိန်က ကျောင်းအုပ်ကြီးဖြစ်သော Mrs. Doreen A Logie ၏ ဦးဆောင်မှုဖြင့် ပြန်လည်ပြုပြင်ခဲ့ပြီး ၁၉၄၇ ခုနှစ်၊ မေလတွင် ပြန်လည်ဖွင့်လှစ်ခဲ့သည်။ ကျောင်းသား/သူ အများစုမှာ လူကုံထံနှင့် အရာရှိကြီးများ၏ သားသမီးများသာ ဖြစ်ကြပြီး အင်္ဂလိပ်ဘာသာဖြင့် သင်ကြားပို့ချကာ ရန်ကုန်ရှိ အကောင်းဆုံး မစ်ရှင်ကျောင်း ဖြစ်လာခဲ့ပါသည်။ ၁၉၅၁ ခုနှစ်တွင် ကျောင်းသားအရေအတွက် တိုးပွားလာသောကြောင့် ၁၉၅၂ ခုနှစ်တွင် နိုင်ငံတော်သမ္မတကြီး စဝ်ရွှေသိုက်ကိုယ်တိုင် ကျောင်းဆောင်အသစ်အုတ်မြစ်ချ၍ မက်သဒစ်အင်္ဂလိပ်အထက်တန်းကျောင်း ဟုပြောင်းလဲခဲ့သည်။ ၁၉၆၅ ခုနှစ်တွင် ပြည်သူပိုင်သိမ်းဆည်းခဲ့ပြီး ပညာရေးဝန်ကြီးဌာနအောက်တွင် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း ဒဂုံ ဖြစ်လာခဲ့သည်။ ထို့နောက် ၁၉၈၆ ခုနှစ်နှင့် ၁၉၉၈ ခုနှစ်တို့တွင် အဆောက်အအုံသစ်များ ထပ်မံတည်ဆောက်ခဲ့ပြီး ယခုအခါတွင် အခန်းပေါင်း ၆၁ ခန်းရှိကာ ကျောင်းသား/သူ ၇၀၀၀ ကျော်ခန့် ပညာသင်ကြားလျက်ရှိပါသည်။ အ ထ က (၁) ဒဂုံ တွင် ရန်ကုန်မြို့ပြအမွေအနှစ်အထိမ်းအမှတ်အဖြစ် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၂၁ ရက်နေ့တွင် အပြာရောင်ကမ္ဗည်းပြား တပ်ဆင်ခဲ့ပါသည်။