ဇေယျ (၁၉ဝဝ - ၁၉၈၂)

Listing Description

ဇေယျ ကလောင်အမည်ခံ ဆရာဦးယောကို ၁၉၀၀-ပြည့်နှစ်၊ ဇူလိုင်လ (၁)ရက်နေ့တွင် အဖ ကျက်သရေဆောင် ရွှေစလွယ်ရ သစ်တောဝန်ထောက်မင်း ဦးခလယ် နှင့် အမိ ဒေါ်ရွှေကြိုးတို့မှ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့တွင် မွေးဖွားသည်။

ဆရာဇေယျ၏ ငယ်နာမည်မှာ မောင်ဖိုးကွန်း ဖြစ်ပြီး ကျောင်းနေသောအခါတွင် မောင်ယောရှု အမည်တွင်သည်။ နောင်တွင် ဦးယော ဟု အမည်တွင်သည်။ ဇီးကုန်းမြို့ အေဘီအမ်ကျောင်း၌ စတင်ပညာသင်ကြားပြီး ၁၉၂ဝ-ခုနှစ်တွင် ဆယ်တန်းစာမေးပွဲကို သုံးဘာသာ ဂုဏ်ထူးဖြင့် အောင်မြင်သည်။ ကျောင်းနေစဉ်ကပင် ကျောင်းလက်ရေးစာမူမဂ္ဂဇင်း၌ အယ်ဒီတာအဖြစ် ဆောင်ရွက်ပြီး မောင်ယော အမည် သုံးခဲ့သည်။

ဒဂုန် မဂ္ဂဇင်း၌ စတင် အလုပ် လုပ်ကိုင်သည်။ ဒဂုန်မဂ္ဂဇင်း ပထမစာစောင်တွင် ဗိုလ်ရန်အောင် ဝတ္ထုကို ရေးခဲ့သည်။ စာရေးဆရာဘဝသို့ ရောက်အောင် ဆုံးမသွန်သင် လမ်းညွှန်ခဲ့သူများမှာ သခင် ကိုယ်တော်မှိုင်း၊ လယ်တီပဏ္ဍိတ ဦးမောင်ကြီး၊ ပီမိုးနင်း၊ ကျောင်းဆရာကြီး ဦးဘိုးသစ်တို့ ဖြစ်သည်။

ဒဂုန်မဂ္ဂဇင်းတွင် ဇေယျ အမည်ဖြင့် စတင်ရေးသားသည်။ ဇေယျကလောင် အမည်ရွေးပုံမှာ စားပွဲပေါ်ရှိ အဘိဓာန် စာအုပ်ကို မကြည့်ဘဲ လှန်ပြီး စာအုပ်ပေါ် လက်ထောက်ကာ ကျရာစာလုံးကို ကလောင်အမည် ယူမည်ဟု အဓိဋ္ဌာန် ပြုခဲ့သည်။ (Victory) စာလုံးပေါ် လက်ထောက်မိပြီး မြန်မာမှု ပြုကာ ဇေယျ အမည်ကို ရွေးခဲ့သည်။ ဒဂုန်မဂ္ဂဇင်းကို အစွဲ ပြု၍ ဒဂုန်ဇေယျဟု သုံးခဲ့ပြီး ထို့နောက်မှ ဇေယျ ဖြစ်လာသည်။ ဒဂုန်မဂ္ဂဇင်းတွင် လေးနှစ်ခွဲခန့် အလုပ်လုပ်ခဲ့ပြီး နုတ်ထွက်ခဲ့သည်။ ဇေယျသတင်းစာကို ကိုယ်တိုင် ထုတ်ခဲ့သည်။ ထို့အပြင် တပတ်တကြိမ် လေးပဲတန် (တမတ်တန်) ဂျာနယ်ကို ထုတ်ဝေခဲ့ရာ ကိုးလအကြာတွင် ရပ်လိုက်ရသည်။ [၁]

ထို့နောက် လန်ဒန်အတ် မဂ္ဂဇင်း၊ ဗြိတိသျှ ဘားမား၊ ဓူဝံ မဂ္ဂဇင်း၊ ဓူဝံ ဂျာနယ် တို့တွင် အယ်ဒီတာ အဖြစ် အဆင့်ဆင့် ဆောင်ရွက် ခဲ့သည်။ စစ်ပြီးခေတ်တွင် ပြန်ကြားရေး ဝန်ကြီး ဌာနသို့ ဝင်ရောက် အမှု ထမ်းပြီး ညွှန်ကြားရေးဝန် ရာထူးဖြင့် အငြိမ်းစား ယူခဲ့သည်။

အငြိမ်းစား ယူပြီး နောက်တွင် သမိုင်း ကော်မရှင် ယဉ်ကျေးမှု ကောင်စီ၊ မြန်မာစာ ပြုစုရေးနှင့် ဘာသာပြန် ကော်မရှင်၊ စာပေဗိမာန်ဆု ရွေးချယ်ရေး အဖွဲ့ တို့တွင် ပါဝင် ဆောက်ရွက် ခဲ့သည်။ ထို့အပြင် မြန်မာ နိုင်ငံ စာရေး ဆရာ အသင်း ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက် ခဲ့သည်။

၁၉၂၃-ခုနှစ်၊ နိုဝင်ဘာလ(၁၀)ရက်နေ့၌ ဆရာ ဇေယျသည် သခင်ကိုယ်တော်မှိုင်း၏ သမီးကြီး ဒေါ်မြရီနှင့် အိမ်ထောင် ပြုခဲ့သည်။

၁၉၂၅-ခုနှစ်တွင် ရင်းနှီးသော မိတ်ဆွေသုံးဦး၏ အစုဝင်ငွေ ၂၀-ကျပ်ဖြင့် မတည်ကာ လေးပဲတန် ဇေယျသတင်းစာကို စတင်ထုတ်ဝေခဲ့သည်။ ထုတ်ဝေသူမှာ မောင်မောင်လေး ဖြစ်ပြီး၊ အယ်ဒီတာမှာ ဆရာဇေယျဖြစ်သည်။

၁၉၃ဝ ပြည့်နှစ်တွင် ပြန်ကြားရေး ဝန်ကြီးဌာန ထုတ်ဝေသော သူကြီးဂေဇက် မဂ္ဂဇင်းတွင် ဝင်ရောက် လုပ်ကိုင်ခဲ့ပြီး ၁၉၃၉ ခုနှစ် မဂ္ဂဇင်း ရပ်ဆိုင်း သွားသည့် အချိန်အထိ ဖြစ်သည်။

၁၉၅ဝ ပြည့်နှစ်တွင် ဝဏ္ဏ ကျော်ထင် ဘွဲ့ကို လည်းကောင်း၊ ၁၉၅၅ ခုနှစ်တွင် သီရိပျံချီ ဘွဲ့ကို လည်းကောင်း ရရှိ ခဲ့သည်။ ၁၉၆၁ ခုနှစ်တွင် စာပေဗိမာန် စာပဒေသာ ဆုကို မြန်မာ့ မျက်ပွင့် (ရွာဓလေ့၊ လူဓလေ့) စာအုပ်ဖြင့် ရရှိခဲ့သည်။

၁၉၈၂-ခုနှစ်၊ အောက်တိုဘာလ (၄)ရက်နေ့တွင် ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်၊ ချမ်းသာလမ်း၊ အိမ်အမှတ် (၅)တွင် ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်တွင် ဇနီးဖြစ်သူ ဒေါ်မြရီနှင့် သားသမီးများ ကျန်ရစ်သည်။

ရေးသားထုတ်ဝေခဲ့သော စာအုပ်များ

စာတိုပေစ  ၁၉၆၅ 

စာတွေ့ ငါတွေ့  ၁၉၆၇ 

စာသဘင်  ၁၉၆၃ 

ဇေယျ စာတမ်း  ၁၉၆၅ 

ဇေယျ ဝတ္ထုတိုများ  ၁၉၅၅ 

ဇေယျ၏စာ  ၁၉၆၅ 

တောကြီးမာယာ  ၁၉၆၅ 

နီပွန်စိတ်ဓာတ်   

ဗမာ့အရေးနှင့် အနုပညာ အသွေး   

ဗမာပြည် တိုက်ပွဲ  ၁၉၆၄ 

မိန်းမ  ၁၉၆၁ 

မြနှင်းနွယ်  ၁၉၆၁ 

မြတ်လေး ရွှေဓားဗိုလ်  ၁၉၉၉ 

မြန်မာစာ မြန်မာ့စိတ် မြန်မာ့မာန်  ၁၉၆၆ 

မြန်မာ့မျက်ပွင့် (စာဓလေ့)  ၁၉၇၄ 

မြန်မာ့မျက်ပွင့် (ရွာဓလေ့၊ လူ့ဓလေ့)  ၁၉၆၁ 

မှတ်တမ်းတင် ဗမာ့ အရေးအခင်းများ  ၁၉၆၅ 

လူ  ၁၉၃၈ 

သိန်းလေးဆယ်  ၁၉၇၄ 

အဏုမြူ