အောင်ကိုလတ်

Listing Description

၁၉၅၄ ခုနှစ် ဇန်နဝါရီလ ၁၀ ရက်နေ့တွင် ရန်ကုန်မြို့၌ မွေးဖွားသည်။ မွေးချင်း (၆) ယောက်ရှိသည့်အနက် ဒုတိယမြောက်ဖြစ်သည်။ ညီဖြစ်သူမှာ မြန်မာ့ဂီတလောကတွင်ထင်ရှားသော “ခေါင်းလောင်းလေးတွေမြည်နေပြီ” သီချင်းကို ရေးစပ်ခဲ့သူ ဝါရင့်သရုပ်ဆောင် နှင့် တေးရေး ဦးလူမုန်း (ခေါ်) အောင်ကိုလေးဖြစ်သည်။

၁၉၇၀ ခုနှစ်မှ စတင်ကာ အဆိုတော် တယောက်အနေဖြင့် ပွဲဦးထွက်ခဲ့သူ တစ်ဦး ဖြစ်သည်။

၁၉၈၀ ဆယ်စုနှစ်နှောင်းပိုင်း နှင့် ၁၉၉၀ ဆယ်စုနှစ် အစောပိုင်းကာလများတွင်ဂျပန်၌ နေထိုင်ခဲ့ပြီးနောက် တီဗွီကြော်ငြာများကို ရိုက်ကူးရန် မြန်မာနိုင်ငံသို့ပြန်လာခဲ့သည်။

၂၀၁၂ ခုနှစ်တွင် ကယန်းအလှ ရုပ်ရှင်ဇာတ်ကားကို ကိုယ်တိုင် ရိုက်ကူးထုတ်လုပ်ခဲ့သည်။ ထိုရုပ်ရှင်သည် မြန်မာနိုင်ငံတွင် HD နည်းပညာဖြင့် ပထမဆုံး အသုံးပြုရိုက်ကူးသော ရုပ်ရှင်ဇာတ်ကားဖြစ်ပြီး Dolby Digital Surround EX အသံစနစ်ကို ပထမဆုံးအသုံးပြုသော ရုပ်ရှင်လည်းဖြစ်သည်။ ထိုရုပ်ရှင်သည် ၂၀၁၃ ခုနှစ်၊ မတ်လတွင် မလေးရှားနိုင်ငံ၊ ကူချင်းမြို့၌ ကျင်းပသော အာဆီယံ အပြည်ပြည်ဆိုင်ရာ ရုပ်ရှင်ပွဲတော် (AIFFA) တွင် အထူးဂျူရီဆုနှင့် အကောင်းဆုံးဓာတ်ပုံဒါရိုက်တာ (အောင်ကိုလတ်) နှင့် အကောင်းဆုံးဇာတ်ပို့မင်းသမီး (Rose Mary) ဆုများရရှိခဲ့သည်။

၂၀၁၃ ခုနှစ်ဒီဇင်ဘာ ၂၉ ရက်နေ့တွင် မြန်မာ့ ရုပ်ရှင် ထူးချွန်ဆုပေးပွဲအခမ်းအနား၌ ကယန်းအလှ အတွက် အကောင်းဆုံးရုပ်ရှင်ဓာတ်ပုံဆုကို ရရှိခဲ့သည်။ ထိုရုပ်ရှင်သည် အကောင်းဆုံးအသံတည်းဖြတ်ဆုကိုလည်း ရရှိခဲ့သည်။

၂၀၁၅ ခုနှစ်တွင် ရုပ်မြင်သံကြားဇာတ်လမ်းတွဲဖြစ်သော နေရယ်၊ လရယ်၊ အမှန်တရားရယ် ကို ရိုက်ကူးခဲ့ပြီး သူ၏ ကုမ္ပဏီ အောင်ကိုလတ်ရုပ်ရှင်ထုတ်လုပ်ရေးမှ ထုတ်လုပ်ခဲ့သည်။

Myanmar Idol တွင် ဒိုင်အဖြစ် ပါဝင်ဆောင်ရွက်ခဲ့သည်။

ဇနီးဖြစ်သူမှာ ဒေါ်တင်မိုးခိုင် ဖြစ်သည်။ သားသမီး ၂ယောက်ရှိပြီး သမီးကြီးမှာ မီရှဲ ဖြစ်ပြီး သားငယ်မှာ ခန့်ဇင်ကို (ခေါ်) အဆိုတော် ဂျေမီ ဖြစ်သည်။