ပြေတီဦး

Listing Description

ပြေတီဦးကို ၁၉၇၈ ခုနှစ် နိုဝင်ဘာလ ၃၀ရက်နေ့တွင် ရန်ကုန်မြို့ ၌ အဖ ဦးတင်မောင်ဦး၊ အမိ ဒေါ်တီတီ တို့မှ မွေးဖွားခဲ့သည်။ မွေးချင်း သုံးယောက်အနက် အလတ်ဖြစ်သည်။ ဖခင်မှာ အစိုးရဝန်ထမ်းဖြစ်သောကြောင့် ကျိုက်ထိုမြို့ အနီးရှိ မုပ္ပလင်မြို့၊ ဟင်္သာတမြို့၊ ရမည်းသင်းမြို့များသို့ ပြောင်းရွှေ့နေထိုင်ခဲ့သည်။ ဒသမတန်းနှစ်တွင် မိသားစုသည်  ရန်ကုန်မြို့သို့ ပြန်လည်ပြောင်းရွှေ့ခဲ့သည်။ ရန်ကုန်နည်းပညာတက္ကသိုလ်မှ အင်ဂျင်နီယာ ဘွဲ့ရခဲ့သည်။

ပြေတီဦးသည်  ကျောင်းသား ဘဝမှ စ၍ အနုပညာလောက အတွင်းသို့ဝင်ခဲ့ပြီး လက်ရှိတွင် ဇာတ်ကားပေါင်း ရာကျော်နှင့် ကြော်ငြာပေါင်း များစွာ ရိုက်ကူပြီးဖြစ်သည်။ ၁၉၉၉ ခုနှစ်တွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ထုတ်လွှင့်သော မြန်မာစာ မြန်မာစကား ပညာပေး အစီအစဉ် တွင် စတင် သရုပ်ဆောင်ခွင့်ရခဲ့သည်။ သူ၏ ပထမဆုံးဇာတ်ကားမှာ ဇာတ်ပို့ အဖြစ် သရုပ်ဆောင်ခဲ့သော ဒါရိုက်တာမောင်ပြည့်ဝ ရိုက်ကူးသည့်‘ရင်ရိပ်စွန့် လိပ်ပြာ’ ဖြစ်သည်။

၂၀၀၈ ခုနှစ်တွင် စိန်ဌေးဗီဒီယိုက ခေါင်းဆောင်မင်းသား တင်ရိုက်ရာမှ နာမည်ရလာသူပြီး ၂၀၀၈ ခုနှစ်အတွင်းတွင် "ချစ်တော့ချစ်တယ် အလိုမလိုက်ဘူး" အမည်ရှိ ရုပ်ရှင်ဇာတ်ကားကြီး တစ်ကားသာ ရိုက်ကူးခဲ့သည်။ သူ၏ ၂၀၀၉ ခုနှစ် အတွင်းထုတ်လုပ်ခဲ့သော ဇာတ်ကားများ အနက် အအောင်မြင်ဆုံးသော ရုပ်ရှင်ဇာတ်ကားများမှာ ချစ်ပန်းဝါဝါ၊ ချိုလိမ်၊ ရင်ဘတ်ချင်း အငြိ နှင့် ကျွန်မ ပုခုံးပေါ်မှာ လိပ်ပြာလေးတွေ နားခဲ့ဖူးတယ် တို့ဖြစ်ကြသည်။ ၂၀၀၉ ခုနှစ်အတွင်း ရုပ်ရှင်ဇာတ်ကားကြီး ခြောက်ခု နှင့် များစွာသော တီဗွီ ကြော်ငြာများတွင် ပါဝင် သရုပ်ဆောင်ခဲ့သည်။

၂၀၁၀ ခုနှစ်တွင် ပါဝင်သရုပ်ဆောင်ခဲ့သော ရုပ်ရှင်ကားကြီး ၆ကားမှာ မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲအတွက် ရွေးချယ်သော စံကာတင် ၁၅ကား၌ပါဝင်ခဲ့သည်။ ထိုကားများမှာ အာဒမ်ရယ် ဧဝရယ် ဒဿရယ်၊ အမေ့ကျေးဇူးဆပ်ဖူးခြင်တယ်၊ ကျောက်သင်ပုန်းတွေမိုးထားတဲ့အိမ်၊ ရင်ဘတ်ကြီးနဲ့ ချစ်လိုက်မယ်၊ နတ်ဖက်တဲ့စုံတွဲများ၊ ဆွေတစ်ရာ မောင်တစ်ကျိပ်တို့ဖြစ်သည်။

၂၀၁၀ပြည့်နှစ် အတွက် အကယ်ဒမီပေးပွဲတွင် "အာဒမ်ရယ် ဧဝရယ် ဒဿရယ်" ဇာတ်ကားဖြင့် အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆု ရခဲ့သည်။ ထို့နောက် လက်ပံ (၂၀၁၂)၊ နင်စေရင် (၂၀၁၃)၊ နှလုံးသားဖြင့်ပြုလုပ်သည် (၂၀၁၄) ဇာတ်ကားများဖြင့် သုံးနှစ်ဆက်တိုက် အကယ်ဒမီဆုများ ဆွတ်ခူးရရှိခဲ့သည်။ 

၂၀၁၀ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်နေ့ (ပြေတီဦးမွေးနေ့) တွင် ပြေတီဦးပညာရေးဖောင်ဒေးရှင်းကို စတင် တည်ထောင်ခဲ့သည်။

၂၀၁၁ ခုနှစ်၊ ဇန်နဝါရီ ၁ရက်နေ့တွင် ရုပ်ရှင်မင်းသမီး အိန္ဒြာကျော်ဇင် နှင့် လက်ထပ်ခဲ့သည်။ ပြေသုဒြာ နှင့် ပြေတီရဆိုသော သားသမီးနှစ်ဦး ထွန်းကားခဲ့သည်။