မင်းကွန်းပုထိုးတော်ကြီး

Listing Description

စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့ မြောက်ဘက် ၁၂ မိုင်ခန့်အကွာ မင်းကွန်းဒေသတွင် တည်ရှိသော မင်းကွန်းပုထိုးတော်ကြီးနှင့် မင်းကွန်းခေါင်းလောင်းကြီးတို့မှာ ထင်ရှားပါသည်။ မင်းကွန်းပုထိုးတော်ကြီးအား အမရပူရကို တည်ထောင်ခဲ့သူ ဘိုးတော်ဘုရား (ဗဒုံမင်း)က ၁၁၅၂ ခုနှစ် (ခရစ်နှစ် ၁၇၉၀ ပြည့်နှစ်)တွင် စတင်တည်ဆောက်ခဲ့သော်လည်း အပြီးမသတ်ခဲ့ပါ။ ရွှေတိုက်စာရင်းမူ ပုရပိုက်အရ ပုထိုးတော်ကြီးကို အချင်း ၂၉၃ တောင်နှင့် အမြင့် ၃၅၂ တောင် တည်ထားရန် ရည်ရွယ်ခဲ့သော်လည်း ပုထိုးတော်ကြီးသည် ပေ ၁၆၀ အမြင့်အရောက်တွင် ပြိုကျခဲ့ကြောင်း သမိုင်းပညာရှင် ဆရာကြီး ဒေါက်တာသန်းထွန်းက ရေးသားခဲ့ပါသည်။ အချို့ကလည်း တဘောင်စနည်းများကို မလွန်ဆန်ရဲသဖြင့် ပုထိုးတော်ကြီးပြီးစီးအောင် မတည်ခဲ့ဟု ယုံကြည်ကြပါသည်။ ပုထိုးတော်ကြီး၏ အရှေ့ဘက်တွင် တစ်ကောင်လျှင် ၉၅ ပေစီမြင့်သည့် ခြင်္သေ့ကြီးနှစ်ကောင်ကို ဘိုးတော်ဘုရားကပင် မြန်မာသက္ကရာဇ် ၁၁၅၅ ခုနှစ် (ခရစ်နှစ် ၁၇၉၃ ခုနှစ်)တွင် ထုလုပ်ခဲ့သည်။ မြန်မာသက္ကရာဇ် ၁၂၀ဝ ပြည့်နှစ်တွင် မြောက်ဘက်ရှိခြင်္သေ့ရုပ်ကြီး ပြိုကျခဲ့ပြီး ၁၃၁၈ ခုနှစ်တွင် လှုပ်ခတ်ခဲ့သော စစ်ကိုင်းငလျင်ဒဏ်ကြောင့် တောင်ဘက်မှ ခြင်္သေ့ရုပ်ကြီးလည်း ပြိုပျက်ခဲ့သည်။ ဘိုးတော်ဘုရားသည် ဉာဏ်တော် ၁၅ ပေမြင့်သော ပုံတော်စေတီကိုလည်း သက္ကရာဇ် ၁၁၅၂ ခုနှစ်တွင် ပုထိုးတော်ကြီးအနီး၌ တည်ထားခဲ့သည်။ ပုထိုးတော်၏မြောက်ဘက်တွင် ပုထိုးတော်အတွက် သွန်းလုပ်ထားသော မင်းကွန်းခေါင်းလောင်းကြီးမှာ ယခုတိုင် မားမားမတ်မတ် တည်ရှိပေသည်။ အလေးချိန်မှာ မင်းဖြူမှန်မှန်ပြောဟု ရေးထိုးထားရာ ပိဿာ ၅၅၅၅၅ ဖြစ်ပါသည်။