ပလိပ်ဒေသရှေးဟောင်းယဉ်ကျေးမှုနယ်မြေ

Listing Description

ပလိပ်မြို့သည် မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကိုင်မြို့နယ်တွင် တည်ရှိ၍ မန္တလေးမြို့မှ တောင်ဘက်သို့ ၁၄ မိုင်ကွာဝေးပြီး မြစ်ငယ်မြစ်(ဒုဋ္ဌဝတီမြစ်)၏ အရှေ့ဘက်ကမ်း၌ရှိသဖြင့် ကုန်းလမ်း၊ ရေလမ်းဖြင့် အလွယ်တကူသွားရောက်နိုင်ပါသည်။ "မြို့မှာ ပုဂံ၊ ရွာမှာ ပလိပ်"ဟု ဆိုရိုးရှိခဲ့သည့်အတိုင်း ရှေးဟောင်း ဘုရားစေတီပုထိုးများ အများဆုံးရှိခဲ့သည့်မြို့ သည် ပုဂံဖြစ်၍ ရှေးဟောင်းဘုရားစေတီပုထိုးများ အများဆုံး ရှိခဲ့သည့်ရွာသည် ပလိပ်ကျေးရွာဖြစ်သည်။ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနက ပလိပ်ဒေသကို ရှေးဟောင်းအဆောက်အအုံတည်ရှိရာဇုန်၊ ရှေးဟောင်းနေရာတည်ရှိသည့်ဇုန်၊ ကာကွယ်ထိန်းသိမ်းထားသောဇုန်အဖြစ် ၂၀၀၈ ခုနှစ် သြဂုတ်လ ၂၅ ရက်တွင် သတ်မှတ်ခဲ့ပါသည်။

ရှေးဟောင်းအဆောက်အအုံတည်ရှိရာဇုန်သည် ရတနာလာဘမုနိဘုရား(မြွေဘုရား)ကုန်းမြေပေါ်ရှိ အမှတ်(၁)မှ (၂၇)အထိ အစုလိုက်တည်ရှိနေသည့် ဘုရားများ၏ အုတ်တံတိုင်းမှ အပြင်ဘက်သို့ ၂၅ ပေအထိ၊ ဗန်းမော်ကျောင်း အုတ်တံတိုင်းမှ အပြင်ဘက်သို့ ၂၅ ပေအထိ၊ ကျိတ်ကုန်းကျောင်း  ဧရိယာအတွင်းရှိ အမှတ်(၁၃၃)မှ (၁၅၈)အထိ အစုလိုက်တည်ရှိနေသည့် ဘုရားများ၏  အုတ်တံတိုင်းမှ အပြင်ဘက်သို့ ၂၅ ပေအထိ၊ ပါဋလိကျောင်း ဧရိယာတွင်းရှိ အမှတ်(၁၅၉)မှ (၁၆၅)အထိ အစုလိုက်  တည်ရှိနေသည့် ဘုရားများ၏ အုတ်တံတိုင်းမှ အပြင်ဘက်သို့ ၂၅ ပေအထိ၊ ဗောဓိကျောင်းဧရိယာအတွင်းရှိ အမှတ်(၁၆၆)မှ (၂၁၀) အထိ အစုလိုက် တည်ရှိနေသည့် ဘုရားများ၏ အုတ်တံတိုင်းမှ အပြင်ဘက်သို့ ၂၅ ပေအထိ၊ လေးထပ်ကျောင်း ဧရိယာအတွင်းရှိ အမှတ်(၂၁၁)မှ (၂၃၉)အထိ အစုလိုက် တည်ရှိနေသည့် ဘုရားများ၏ အုတ်တံတိုင်းမှ အပြင်ဘက် သို့ ၂၅ ပေအထိနှင့် နောက်တော်ပါကျောင်း ဧရိယာတွင်းရှိ အမှတ်(၂၄၀)မှ (၂၆၁)အထိ အစုလိုက် တည်ရှိနေသည့် ဘုရားများ၏ အုတ်တံတိုင်းမှ အပြင်ဘက်သို့ ၂၅ ပေ အထိ ပါဝင်သည်။ ယင်းစေတီ၊ ဂူဘုရား၊ သိမ်၊ တန်ဆောင်းများတွင် အင်းဝခေတ်၊ အမရပူရခေတ်၊ ကုန်းဘောင်ခေတ်နှင့် ကိုလိုနီခေတ်လက်ရာများကို တွေ့ရှိရပါသည်။

ရှေးဟောင်းနေရာတည်ရှိသည့်ဇုန်သည် အရှေ့သို့လားသော် ရတနာလာဘဘုရားကုန်းနှင့် ကျိတ်ကုန်း ကျောင်းရှိ ဘုရားစုမှ ပေ ၃၀ အထိ၊ အနောက်ဘက်သို့ လားသော် မြောက်မြေရပ် ချမ်းသာကြီးဘုရားစုနှင့် နောက်တော်ပါရပ် ရတနာမဉ္ဇူဘုရားစုမှ ပေ ၃၀အထိ၊ တောင်ဘက်သို့လားသော် ဗောဓိကျောင်းနှင့် လေးထပ်ကျောင်း ဘုရားစုများမှ ပေ ၃၀ အထိ၊ မြောက်ဘက်သို့လားသော် ရတနာလာဘဘုရားကုန်းမှ ချမ်းသာကြီးဘုရားရှိ ဘုရားစုများမှ ပေ ၃၀ အထိ ဖြစ်ပါသည်။

ကာကွယ်ထိန်းသိမ်းထားသောဇုန်သည် အရှေ့ဘက်တွင် ဒုဋ္ဌဝတီမြစ်တံတားကွေ့မှ အင်းလျားကန်သာအေးရွာနှင့် ဒုဋ္ဌဝတီမြစ် အနောက်ဘက်ကမ်းတစ်လျှောက် ရွာဟောင်းကုန်း ကျေးရွာအထိ၊ အနောက်ဘက်တွင် ဒုဋ္ဌဝတီမြစ်ထောင့်ချိုးကွေ့ အရှေ့ဘက်ကမ်းတစ်လျှောက် စိတ္တရရွာမှ တဘက်ဆွဲရွာ၊ ယင်းမှ ပန်းလောင်မြစ် အနောက် ဘက်ကမ်းတစ်လျှောက် တံတားဦး အပြည်ပြည်ဆိုင်ရာ လေယာဉ်ကွင်းသို့သွားသည့် လမ်းဆုံအထိ၊ တောင်ဘက်တွင် ရန်ကုန်-မန္တလေး ကားလမ်းနှင့် လေယာဉ်ကွင်း လမ်းဆုံမှ ပန်းလောင်မြစ်ကူးတံတားအထိ၊ မြောက်ဘက်တွင် မြောက်ကိုင်းကျေးရွာမှ ဒုဋ္ဌဝတီမြစ်ရိုးတစ်လျှောက် ဖြစ်ပါသည်။