စဉ့်ကိုင်မြို့နယ် ပလိပ်အင်းဒေသ၌ ဆောင်းခိုငှက်အများအပြား လာရောက်ကျက်စား

Listing Description

စဉ့်ကိုင် နိုဝင်ဘာ ၂၇

မန္တလေးတိုင်းဒေသကြီး  စဉ့်ကိုင်မြို့နယ်   ပလိပ်အင်း ရေတိမ်ဒေသတွင်  ဆောင်းခိုငှက်များ  စတင်ဝင်ရောက် လာပြီဖြစ်ကြောင်းနှင့် ယင်းဆောင်းခိုငှက်များမှာ နိုဝင်ဘာ လဆန်းပိုင်းမှစ၍   ဝင်ရောက်လာခဲ့ခြင်းဖြစ်ပြီး  ယခု လကုန်ရက်ထဲတွင်   ပိုမိုများပြားစွာ   ရောက်ရှိလာကြောင်း သိရသည်။

ပလိပ်အင်းသည်   မြန်မာနိုင်ငံ အလယ်ပိုင်း မန္တလေးမြို့ ၏ အနောက်တောင်ဘက် ၉ မိုင် ၃ ဖာလုံအကွာတွင် တည်ရှိ ကာ   ရေတိမ်ပြီး   သဘာဝအင်းအမျိုးအစားဖြစ်သည်။ ရေတိမ်ဒေသအမျိုးအစား အမျိုးမျိုးရှိရာတွင် ပလိပ်အင်းမှာ ကုန်းတွင်းရေတိမ်ဒေသ(In-land Wetland)နှင့်  အင်းအိုင် (Pond) အမျိုးအစားဖြစ်သည်။ အင်းအရှည် ၂ ဒသမ ၃ ကီလိုမီတာနှင့် အကျယ် ၂  ဒသမ  ၁  ကီလိုမီတာရှိပြီး မိုးရာသီတွင် အင်းရေပြင်သည်  ၃၂၇  ဒသမ  ၇၆ ဟက်တာ ကျယ်၍ နွေရာသီတွင် ၄ဝ ဒသမ ၄၇ ဟက်တာသာ ကျယ် သည်။

ဧရာဝတီ မြစ်လက်တက်တစ်ခုဖြစ်သော   မြစ်ငယ်မြစ် မှ  အင်းအတွင်းသို့  ရေဝင်ရေထွက်ရှိပြီး  အင်းအတွင်း၌  ကြာလင်ပန်း(Nymphoides)များ ပေါများစွာ  ပေါက်ရောက် သည်။  အခြားအပင်များအနေဖြင့်   ရေမှော်  (Blyxa)၊  ကနဖော့(Jussiaea)၊   ဟင်းချန် (Bottia Cordata)နှင့် ရေကန်စွန်း(Ipomaea)တို့လည်း ပေါက်သည်။

သက်ရှိများအနေဖြင့်   ပလိပ်အင်းအတွင်း   ရေငှက် မျိုးစိတ် ၃၇ မျိုး၊ အခြား ငှက်မျိုးစိတ် ခုနစ်မျိုးနှင့် ငါးမျိုးစိတ် ရှစ်မျိုး     ကျက်စားကြောင်း     မှတ်တမ်းပြုထားသည်။   ကွင်းဆင်းလေ့လာမှု  မှတ်တမ်းများအရ    ရေငှက်မျိုးစိတ် ၃ဝ၊  ရာသီအလိုက်  ပြောင်းရွှေ့ ကျက်စားသည့်  ဆောင်းခို ငှက် ၁၁ မျိုးနှင့်  ဒေသမျိုးရင်း  ငှက်မျိုးစိတ်  ၁၉ မျိုး ကျက်စားကြောင်း သိရသည်။ 

ယခုနှစ်   နိုဝင်ဘာလဆန်းပိုင်းတွင် အဦးဆုံး ဆောင်းခို ရန်   ရောက်ရှိလာသော  ငှက်များဖြစ်ကြသည့် တောငန်း ရိုင်း(Greylag  goose)၊ ခရုတုတ် (Asian openbill)၊ ဟင်္သာ၊  ဥပန်းငှက်  (Oriental darter)နှင့်အတူ   အခြားရှားပါး ငှက်မျိုးစိတ်များ ရောက်ရှိနေပြီဖြစ်သည်။

လက်ရှိကာလတွင်   ပလိပ်အင်းအတွင်း ဆောင်းခိုငှက် များ   ဝင်ရောက်လာပြီဖြစ်သည့်အတွက်   ငှက်များကို ချစ်မြတ်နိုးသည့်   ဓာတ်ပုံဆရာများက  အင်းအတွင်း    ငှက်အလှဓာတ်ပုံများ နေ့စဉ်ရိုက်ကူးလျက်ရှိသည်။ ရိုက်ကူး ရာတွင် ငှက်များကို အနှောင့်အယှက်မဖြစ်စေဘဲ  သဘာဝ အတိုင်း  နေထိုင်ကျက်စားမှုကို  အထူးဂရုပြု  ရိုက်ကူးရ ကြောင်းနှင့်  အနယ်နယ်အရပ်ရပ်မှ ငှက်ချစ်မြတ်နိုးသူများ၊ ဓာတ်ပုံဆရာများအနေဖြင့်  ဆောင်းခိုငှက်များကို မှတ်တမ်း ဓာတ်ပုံ လာရောက်ရိုက်ကူးနိုင်ပြီဖြစ်ကြောင်း  ပလိပ်မှ ဆောင်းခိုငှက်များကို  အလှဓာတ်ပုံရိုက်ကူးသည့် ဒေသခံ   ငှက်ချစ်သူတစ်ဦးက   ပြောသည်။

တိမ်တမန်