မင်းကြီးရန်နောင်ဂူဘုရား

Listing Description

စဉ့်ကိုင်မြို့နယ်၊ မက္ခရာမြို့ဟောင်း စည်းခုံကြီးစေတီတော် ပရိဝုဏ်အတွင်း အနောက်တောင်ထောင့်တွင် တည်ရှိပါသည်။ လိုဏ်ပတ်လမ်းပါရှိသည့် ဂူပုထိုးအမျိုးအစားဖြစ်ပါသည်။ ဒေသခံများက မင်းကြီးရန်နောင် ရဟန်းဝတ်ဖြင့် ဤဂူတွင် သက်ဆုံးတိုင် တရားကျင့်ကြံနေထိုင်သွားသည်ဟု ယူဆကြပါသည်။ အင်းဝကို မိုးညှင်းစလုံ၏သားတော် သိုဟန်ဘွား အုပ်စိုးစဉ်အခါက သိုဟန်ဘွားသည် ဗုဒ္ဓဘာသာကို ယုံကြည်ကိုးကွယ်ခြင်း အလျဉ်း မရှိဘဲ ကျမ်းဂန်တတ်မြောက်ကျွမ်းကျင်သော ဆရာတော်သံဃာတော်များအား လုပ်ကြံသတ်ဖြတ်၍ ကျောင်းတိုက်များနှင့် ပိဋကတ်တော်များကိုပါ မီးရှို့ဖျက်ဆီးခဲ့သဖြင့် နရပတိမင်း၏ တူတော်စပ်သူ မင်းကြီးရန်နောင်သည် သက္ကရာဇ် ၉၀၄ ခုနှစ် ကဆုန်လတွင် သိုဟန်ဘွားအား လုပ်ကြံခဲ့ရသည်။ သို့သော် မင်းကြီးရန်နောင်သည် နန်းစည်းစိမ်ကို လက်မခံဘဲ ရဟန်းဝတ်ဖြင့် မက္ခရာအရပ်သို့ တောထွက်ခဲ့ကြောင်း မှတ်သားရပါသည်။