မုံရွာမြို့နယ် လယ်ဇင်ရွာ ခရီးစဉ်နေရာအား စနစ်တကျဖော်ထုတ်ရေး ဆွေးနွေး

Listing Description

မုံရွာ ဒီဇင်ဘာ ၂၀

မုံရွာမြို့နယ် လယ်ဇင်ရွာ ခရီးစဉ်နေရာအား စနစ်တကျ ဖော်ထုတ်ရေးကို ဒီဇင်ဘာ ၁၅ ရက်က ပြုလုပ်သော မုံရွာခရိုင် ခရီးစဉ်ဒေသစီမံခန့်ခွဲမှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ဆွေးနွေးခဲ့ကြောင်း သိရ သည်။

“လယ်ဇင်ရွာမှာက ပထမလယ်တီဆရာတော်ကြီးသီတင်းသုံးကျမ်းပြုခဲ့တဲ့ ကျောင်းကြီးရှိသလို ရှေးဟောင်း အိမ်ကြီးတွေ၊ စေတီတွေစတဲ့ လေ့လာစရာတွေ ဗဟုသုတရစရာတွေရှိတဲ့အတွက် ခရီးသွားနေရာတစ်ခု အဖြစ် စနစ်တကျဖော်ထုတ်နိုင်ဖို့ ရေးဆွဲတင်ပြခဲ့ပါတယ်” ဟု မုံရွာမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ကြည်က ပြောသည်။

မုံရွာခရိုင် ခရီးစဉ်ဒေသစီမံခန့်ခွဲမှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ခရိုင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ဒီဇင်ဘာ ၁၅ ရက် မွန်းလွဲပိုင်းက ကျင်းပရာ ဆွေးနွေးပွဲသို့ မုံရွာမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်စီမံ ခန့်ခွဲမှုကော်မတီဥက္ကဋ္ဌနှင့် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှု ဦးစီးဌာန၊ တိုင်းဒေသကြီးတာဝန်ခံ၊ မုံရွာခရိုင် ဌာနဆိုင်ရာ များ၊ DMO အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

“စစ်ကိုင်းတိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွားညွှန်ကြား မှုဦးစီးဌာန တိုင်းဒေသကြီးတာဝန်ခံက မုံရွာခရိုင်မှာ ၂၀၂၁ ခုနှစ် တစ်နှစ်တာ ဆောင်ရွက်မယ့်Action Plan ရေးဆွဲရာ မှာ အခြေခံရမယ့် မဟာဗျူဟာခြောက်ရပ်ကို ရှင်းလင်းဆွေးနွေး ခဲ့တယ်။ မုံရွာမြို့အနီး ခရီးစဉ်နေရာတွေကို သွားလာမှု အဆင်ပြေရေး၊ ခရီးစဉ်နေရာတွေမှာ လုံခြုံမှုရှိရေးတွေကို ဆွေးနွေးခဲ့ပြီး တက်ရောက်လာတဲ့ ကော်မတီအဖွဲ့တွေက Action Plan မှာ ထည့်သွင်းရေးဆွဲရမယ့် အချက်တွေကို အကြံပြုဆွေးနွေးခဲ့ပါတယ်” ဟု မုံရွာခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်စိုးက ပြောသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၁၄ ရက်က စစ်ကိုင်းတိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် စစ်ကိုင်းခရိုင် ခရီးစဉ်ဒေသစီမံခန့်ခွဲမှုကော်မတီ လုပ်ငန်း ညှိနှိုင်းအစည်းအဝေး ကျင်းပရာ ဟိုတယ်နှင့် ခရီးသွား လုပ်ငန်းဆိုင်ရာအသင်းအဖွဲ့များမှ ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ဆွေးနွေးခဲ့ကြောင်း သိရသည်။

တက်ရောက်လာသူ ဌာနဆိုင်ရာကော်မတီဝင်များက စစ်ကိုင်းဆိပ်ကမ်း သာယာလှပရေး၊ ခရီးစဉ်လမ်းကြောင်း များ ဖော်ဆောင်မည့်အခြေအနေ၊ Information Access Center ပြင်ဆင်ထားရှိရေး၊ သယ်ယူပို့ဆောင်ရေး ကဏ္ဍများ နှင့် မြို့၏သန့်ရှင်းသာယာလှပရေး ဆောင်ရွက်မည့် ကိစ္စရပ် များကို အကြံပြုဆွေးနွေးခဲ့ကြောင်း သိရသည်။

မျိုးဝင်းထွန်း (မုံရွာ)