ဖလံခုံရွာ

Listing Description

ဖလံခုံရွာသည် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရေဦးမြို့မှ အနောက်မြောက်ဘက် လေးမိုင်အကွာတွင် တည်ရှိပါသည်။ဖလံခုံရွာ (ရှေးအခေါ် ဗလသမာန်းကုန်းရွာ) ကို ရတနာပူရ အင်းဝစတုတ္ထနန်းတည် ဘကြီးတော် ဖန်နန်းရှင်မင်းတရား၏ တောင်ညာစံဒေဝီ အဂ္ဂမဟေသီဖြစ်သော မိဖုရားခေါင်ကြီး နန်းမတော်မယ်နု ဘေးတော်ကြီးဖြစ်သော ဗလသမာန်း အမည်ရှိ ဗိုလ်မှူးမင်းသားသည် သက္ကရာဇ် ၁၁၀၀ ပြည့်နှစ်တွင် နယ်မြေခံ ပုဂံအနွယ်တော်များနှင့် ပူပေါင်းဆောင်ရွက် တည်ထောင်ခဲ့ကြသော အိမ်ခြေ ၇၀၀ ခန့်ရှိ ရွာကြီးဖြစ်သည်။ ယခုအခါ အိမ်ခြေ ၂၅၀ ခန့်သာရှိတော့သည်။ ဖလံခုံရွာနှင့် အနီးတစ်ဝိုက်တွင် နန်းမတော်မယ်နုနှင့် ဦးအို တို့ တည်ထားခဲ့သည့် စေတီများအပါအဝင် ဘုရားပုထိုးများကို တွေ့ရှိရသည်။ စေတီများသည် မြင့်မားသောမဟာရံ တံတိုင်း ဖြင့် ကာရံထားသည့် ကျယ်ဝန်းသော ပရိဝုဏ်တစ်ခုအတွင်း တည်ရှိနေကြသည်။  စေတီများကို  တစ်ချိန်တည်း တည်ခဲ့သည်ဟု ထင်ရကြောင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီး ဇယားဝင် ရှေးဟောင်း အဆောက်အအုံများစာရင်းအမှတ်(၂၉)တွင် ဖော်ပြထားသည့် နန်းမတော်မယ်နုဘုရားသည် ခရစ်နှစ် ၁၈၂၂ ခုနှစ်၌ တည်ထားခဲ့သည့် အဓိက အဆောက်အအုံ တစ်ခုဖြစ်ကြောင်း နန်းမတော်မယ်နု ရှင်းတမ်းစာအုပ်တွင် ရေးသားထားပါသည်။