ဖြူးဆရာတော် (၁၉၄၂-၂၀၀၉)

Listing Description

ဖြူးဆရာတော် ဘဒ္ဒန္တနရပတိသည် ပြည်တွင်းပြည်ပ မဟာစည်နာယက၊ ဖြူးမဟာစည်ရိပ်သာနှင့် ရန်ကုန်ဓမ္မရက္ခိတဖြူးမဟာစည်ရိပ်သာ ပဓာနနာယက ဆရာတော် ဖြစ်သည်။

မြန်မာသက္ကရာဇ် ၁၃၀၃ (ခရစ်နှစ် ၁၉၄၂ ခုနှစ်) တပို့တွဲလပြည့်ကျော် ၈ ရက် စနေနေ့ (၇ ဖေဖော်ဝါရီလ ၁၉၄၂) တွင် မြန်မာနိုင်ငံအထက်ပိုင်း ရွှေဘိုခရိုင်၊ ရေဦးမြို့နယ် ပင်စိမ်းကင်းကျေးရွာတွင် အဖ ဦးဘလွင်၊ အမိ ဒေါ်မေတို့မှ မွေးဖွားသည်။ ငယ်အမည်မှာ မောင်သိန်းအောင်ဖြစ်သည်။ ငယ်စဉ်ကပင် မိဘ ၂ ပါးစလုံး ကွယ်လွန်သွားခဲ့သည်။ ၁၉၄၇ ခုနှစ်တွင် ရွာဦးကျောင်းဆရာတော် ဘိုးလေးတော်သူ ဦးသုန္ဒရထံတွင် ဘုန်းတော်ကြီးကျောင်းပညာရေးကို သင်ယူသည်။ မြန်မာသက္ကရာဇ် ၁၃၁၂ (ခရစ်နှစ် ၁၉၅၁ ခုနှစ်) တွင် စစ်ကိုင်း လေးကျွန်း သာယာချောင် ဆရာတော် ဦးဇောတဝရအား ဥပဇ္ဈာယ်ပြု၍ ဆရာကြီး ဒေါ်ပညာသိင်္ဂီ (သာသနဓဇ သီရိပဝရ ဓမ္မာစရိယ)၏ ပစ္စည်းလေးပါးဖြင့် ရှင်သာမဏေပြုခဲ့သည်။ ကိုရင်ဘဝကပင် အစိုးရ ပထမငယ်တန်း အောင်မြင်သည်။ ၁၉၅၆ ခုနှစ်တွင် အစိုးရ ပထမလတ်တန်း အောင်မြင်သည်။ ၁၉၅၇ ခုနှစ်တွင် အစိုးရ ပထမကြီးတန်း အောင်မြင်သည်။ ၁၉၅၈ ခုနှစ်တွင် ဓမ္မာစရိယစာမေးပွဲ ၁ ကျမ်းအောင်မြင်သည်။ ၁၉၆၂ ခုနှစ်တွင် ဓမ္မာစရိယ ၂ ကျမ်း ထပ်မံအောင်မြင်၍ သာသနဓဇ ဓမ္မာစရိယဘွဲ့ ရသည်။ ငယ်-လတ်-ကြီး အတန်းများကို အကျအရှုံးမရှိ (၁၅ နှစ်သားဘဝ၊ ၁၆ နှစ်သားဘဝ၊ ၁၇ နှစ်သားဘဝ ဖြင့်) အောင်မြင်ခဲ့သည်မှာ ယနေ့ကိုရင်လေးများ စံနမူနာယူစရာ ဖြစ်သည်ဟုဆိုသည်။ ထိုနှစ်တွင်ပင် စစ်ကိုင်းတောင် လေးကျွန်းသာယာချောင်၌ စာပေများပို့ချခဲ့သည်။

 

၁၉၆၃ ခုနှစ်တွင် မန္တလေးမြို့၌ ဥပုသ်ဇရပ်တရားပွဲ၊ အလှူတရားပွဲများ ဟောကြားသည်။ ၁၉၆၆ ခုနှစ်တွင် မန္တလေးမြို့၊ ဥပုသ် တော်ကုန်းရပ် ဒေါ်သောင်းစိန်၊ ဒေါ်မမတို့၏ ပစ္စယာနုဂ္ဂဟဖြင့် ရဟန်းဘဝသို့ရောက်ရှိခဲ့သည်။ မန္တလေး မြတောင်ကျောင်းတိုက် ရွှေဝါဝင်းကျောင်းဆရာတော်နှင့် မန္တလေး ပေါက်မြိုင်ဆရာတော် ဆရာမြတ် ၂ ပါးတို့၏ ကျေးဇူးတော်များမှာလည်း လွန်စွာကြီးမားခဲ့ကြောင်း ဆရာတော်မကြာခဏမိန့်ကြားခဲ့သည်။ ၁၉၆၉ ခုနှစ်တွင် ပခုက္ကူမဟာဝိသုတာ ရာမတိုက်သို့ ရောက်ရှိခဲ့ပြီး တိပိဋကဓရ ဆရာတော် ဦးနေမိန္ဒထံတွင် ပိဋကတ်သုံးပုံ နိကာယ် ငါးရပ်တို့ကို ကျမ်းကြီးပေါက်အောင် သင်ယူခဲ့သည်။ ၁၉၇၂ ခုနှစ်တွင် မြင်းခြံမြို့ရှိ မဟာစည်ရိပ်သာသို့ ကြွရောက်ပြီး တရားများအားထုတ်ကာ ဓမ္မကထိက တာဝန်ယူခဲ့သည်။ ၁၉၇၅ ခုနှစ်တွင် ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီးကိုယ်တိုင် မြင်းခြံမှခေါ်ယူပြီး မဟာစည်ရိပ်သာပူဇော်ပွဲတွင် ဦးနရပတိအား ပလ္လင်ပေါ်တက်ပြီး တရားဟောစေခဲ့သည်။ ၆ လကြာ နယ်လှည့်ဓမ္မကထိက တာဝန်ယူခဲ့သည်။ နောက်တစ်နှစ်တွင် ဖြူးမြို့၊ ပင်စင်လမ်း မဟာစည်ရိပ်သာ၌ ပဓာန နာယက ကမ္မဋ္ဌာနာစရိယအဖြစ် မဟာစည်ဆရာတော်ကြီးမှ အပ်နှင်းတော်မူခဲ့သည်။ ၁၉၇၇ ခုနှစ်မှစ၍ ဖြူးမြို့၊ မဟာစည်ရိပ်သာတွင် သီတင်းသုံးတော်မူခဲ့သည်။ ၁၉၉၁ ခုနှစ်တွင် နိုင်ငံတော်အစိုးရမှ ဓမ္မကထိက ဗဟုဇနဟိတဓရဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒါန်းခဲ့သည်။ ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ ဩစတေးလျ၊ ဂျပန်၊ အင်္ဂလန်၊ ကနေဒါ၊ အမေရိကန်၊ အိန္ဒိယ၊ နီပေါ၊ သီရိလင်္ကာနိုင်ငံများသို့ကြွကာ တရားဟော တရားပြတော်မူခဲ့သည်။ ကျမ်းပြုစုခဲ့သည်မှာ ၁၃ ကျမ်းဖြစ်ပြီး တရားတော် ၁၅၀ ပုဒ်ကို မှတ်တမ်းတင် ပြုစုထားနိုင်ခဲ့သည်။

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် သွားရောက်ဆေးကုခဲ့သည်။ ထိုင်းနိုင်ငံတွင် နောက်ဆုံးအခေါက် ဆေးကုသရာ၌ တစ်နေ့လျှင် ဘတ် ၁ သိန်း (မြန်မာငွေ ကျပ် သိန်း ၃၀)၊ တစ်လကြာသောကြောင့် ဘတ် သိန်း ၃၀ (မြန်မာငွေ ကျပ် သိန်း ၁,ဝ၀ဝ) ကုန်ကျခဲ့သည်။ ထို့အပြင် ရန်ကုန်မြို့၊ အာရှတော်ဝင်ဆေးရုံတွင် ဆေးကုသခံယူရင်း မြန်မာသက္ကရာဇ် ၁၃၇၁ (ခရစ်နှစ် ၂၀ဝ၉ ခုနှစ်) နိုဝင်ဘာလ ၂၄ ရက်၊ အင်္ဂါနေ့ နံနက် ၆:၅၀ မိနစ်၊ သက်တော် ၆၉ နှစ်၊ သိက္ခာတော် ၄၉ ဝါတွင် ဘဝနတ်ထံ ပျံလွန်တော်မူခဲ့သည်။

ရေးသားထုတ်ဝေခဲ့သော ဓမ္မဒါနစာအုပ်များ

မီးလောင်ပြင်မှာ ပွင့်သောပန်း

နတ်တို့တမ်းတ လူ့ဘဝ

ဘေးလွတ်ရာသွား အို-လူသား

ရတနာထိုက်တဲ့ ချစ်သမီး

မဂ္ဂင်ရှစ်တန် ရထားပျံ

ဝိပဿနာအကျိုး ချစ်မြတ်နိုး

ဖေဏပိဏ္ဍုပမ သုတ္တန် အနိစ္စတရားတော်

ပါရမီ တရားတော်

သာသနာ့အောင်ပွဲ အသက်နှင့်လဲ၍

မိဘကျေးဇူးမကျေ ငါမသေဘူး

တရားဂုဏ်တော်ရှိပူဇော်

လှသောည၏ တရားအလင်္ကာ

လှူကထိန်မြတ် သင်္ကန်းရယ်နှင့် မဂ်လမ်းကိုရွယ်