ရဟန္တာမဟာသိမ်တော်ကြီး

Listing Description

ရဟန္တာမဟာသိမ်တော်ကြီးသည် ရန်ကုန်မြို့၊ ဒဂုံမြို့နယ် ရွှေတိဂုံစေတီတော်ကြီး၏ တောင်ဘက်မုခ်အဆင်းမှ ဂိုက် ၁၀၀ ခန့်အကွာ ဘုရားလမ်း အနောက်ခြမ်း၌ တည်ရှိသည်။ ယခုအခါ မဟာဝိဇယစေတီတော်ကြီးနှင့် မျက်နှာချင်းဆိုင်အနေအထားဖြင့် ဘက်စုံမွမ်းမံပြုပြင်တည်ဆောက်ရေးလုပ်ငန်း၏ ရလဒ်အဖြစ် ခန့်ညားထည်ဝါသစ်လွင်စွာ တွေ့မြင်ကြရသည်။ ရဟန္တာမဟာသိမ်တော်ကြီးကို မဟာသက္ကရာဇ် ၁၀၃ ခု တပေါင်းလပြည့် ဗုဒ္ဓဟူးနေ့ ရွှေတိဂုံစေတီတော်မြတ်ကြီး တည်ထားပူဇော်သည်မှ ၃ နှစ်မြောက်တွင် ရဟန္တာ ၁၀၈ ပါးတို့မှ သိမ်သမုတ်ကာ တည်ထားခဲ့ပြီး မဟာတိဂုမ္ဘဒက္ခိသာမဟာသိမ် ဟု ဘွဲ့အမည် တွင်သည်။ ရဟန္တာအရှင်မြတ်များ သမုတ်တည်ထားအပ်သောကြောင့် ရဟန္တာမဟာသိမ်တော်ကြီးဟု ထင်ရှားပါသည်။ ဤတွင် သမိုင်းကြောင်းမူကွဲအဖြစ် တွေ့ရှိရသော မူလသမိုင်းကြောင်းအရ ရဟန္တာမဟာသိမ်တော်ကြီးကို သီဟိုဠ်မှ သက္ကရာဇ် ၂၃၉ ခုနှစ်တွင် ကြွရောက်လာကြသော ရဟန္တာအရှင်မြတ်များဖြစ်ကြသည့် အရှင်ယသ၊ အရှင်သောဏနှင့် အရှင်သုစိတို့ ဦးဆောင်သော ရဟန္တာရှစ်ပါးတို့သည် ဘောဂသနဘွဲ့ခံ သီဟဒီပမင်းကြီး၏ အထောက်အပံ့ဖြင့် တည်ထားသမုတ်တော် မူခဲ့ကြသည်ဟု တွေ့ရှိရသည်။ လက်ရှိသမိုင်းကျောက်စာအရ သက္ကရာဇ် ၇၃၁ ခုနှစ်တွင် ဆင်ဖြူရှင် ဗညားဦးမင်းမှ ပြုပြင်မှု၊ သက္ကရာဇ် ၈၂၃ ခုနှစ်တွင် ဓမ္မစေတီမင်းနှင့် မင်းအဆက်ဆက်ပြုပြင်မှု၊ သက္ကရာဇ် ၁၂၀၃ ခုနှစ်တွင် ရွှေဘိုမင်း ပြုပြင်မှုနှင့် သက္ကရာဇ် ၁၂၉၀ ပြည့်နှစ်တွင် လယ်တီဆရာတော် ဦးဇဋိလကြီးမှူးသည့် ဒါယကာ၊ဒါယိကာမများ၏ ပြုပြင်မှုတို့ကို ကမ္ဗည်းမှတ်တမ်းတင် ဖော်ပြထားသည်။ ဤသိမ်တော်ကြီးကို ဂန္ဓကုဋိနှင့် ဘုရားဝတ်ပြုဆောင်ဟူ၍ အဆောက်အဦးနှစ်ခုကို ဆက်စပ်တည်ဆောက်ထားပြီး အကျယ်အဝန်းအားဖြင့် အလျား ၈၂ ပေ၊ အနံ ၄၅ ပေ၊ ပန္နက်ခုံအပါအဝင် အကျယ်အဝန်းမှာ အလျား ၁၀၃ ပေ၊ အနံ ၆၁ ပေရှိသည်။ ရှေးနှစ်ပေါင်းများစွာကပင် တည်ရှိခဲ့သော ရဟန္တာမဟာသိမ်တော်ကြီးမှာ နှစ်ကာလကြာမြင့်လာသဖြင့် ပျက်စီးယိုယွင်းလာခဲ့ရာ ၁၉၉၁ ခုနှစ် ဧပြီလ ၁၂ ရက်နေ့တွင် အများပြည်သူကောင်းမှုဖြင့် ပြန်လည်ပြုပြင်မွမ်းမံခဲ့ပါသည်။ ယခုအခါ ရန်ကုန်မြို့ပြအမွေအနှစ်ထိမ်းသိမ်းရေးအဖွဲ့(YHT)၏ ရန်ကုန်မြို့ပြအမွေအနှစ်အဆောက်အဦးများတွင် တစ်ခုအပါအဝင် သတ်မှတ်ထားလျက်ရှိပါသည်။