ဒေါ်ခင်ကြည်ဆေးရုံ

Listing Description

ဗဟန်းအမျိုးသမီးဆေးရုံသည် (ယခင် ဒေါ်ခင်ကြည်ဆေးရုံ)သည် ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ ဗိုလ်ချို(၂)ရပ်ကွက်၊ ဗိုလ်ချုပ်ပြတိုက်လမ်းတွင် တည်ရှိပါသည်။ ယခင်က မီဝပ်ဂျီကိုဝါ(စ်)ဂျီခန်းမအမည်ဖြင့် ၁၉၃၃ ခုနှစ် ဩဂုတ်လ ၂၂ ရက်နေ့တွင် အုတ်မြစ်ချ တည်ဆောက်ခဲ့ပြီး ၁၉၃၄ ခုနှစ် စက်တင်ဘာလ ၁ ရက်တွင် ဖွင့်လှစ်ခဲ့ကာ ၁၉၄၇ ခုနှစ် စက်တင်ဘာလ ၁၅ ရက်တွင် အမျိုးသမီးနှင့် ကလေးစောင့်ရှောက်ရေးအဖွဲ့သို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး မီဝပ်ဂျီကိုဝါ(စ်)ဂျီခန်းမ အမည်ကို တာဝါလိန်း အမျိုးသမီးဆေးရုံဟု အမည်ပြောင်းလဲ၍ သားဖွားဆေးရုံအဖြစ် အသုံးပြုကာ အာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ဇနီးဖြစ်သူ ဒေါ်ခင်ကြည်က ဆေးရုံဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့ပြီးနောက်ပိုင်း ဒေါ်ခင်ကြည် ဆေးရုံအဖြစ် လူသိများလာခဲ့ကြောင်း သိရပါသည်။ ၁၉၉၂ ခုနှစ်တွင် ဗဟန်းအမျိုးသမီး ဆေးရုံအဖြစ် အမည်ပြောင်းလဲခဲ့ပြီး ၂ဝ၁၁ ခုနှစ်တွင် ခုတင်(၅ဝ)ဆံ့ ဆေးရုံအဖြစ် ဖွဲ့စည်းခဲ့ပါသည်။ ၂၀၁၇ ဖေဖော်ဝါရီတွင် တရုတ်အစိုးရ၏ ကန်ဒေါ်လာ သိန်း ၂၀ ပံ့ပိုးပေးမှုဖြင့် ဆေးရုံအဆောက်အအုံကို ရှေးမူမပျက် ပြင်ဆင်မှုပြုလုပ်ခဲ့ပြီး နှစ်ထပ်လူနာ ကုသဆောင်သစ်တစ်ဆောင် ထပ်မံဆောက်လုပ်ခဲ့ပါသည်။ ပြင်ဆင်မွမ်းမံပြီး ယခင်ဗဟန်းအမျိုးသမီးဆေးရုံအမည်အစား ဒေါ်ခင်ကြည်အမျိုးသမီးဆေးရုံအမည်သို့ ပြောင်းလဲကာ ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာ ၂၃ ရက်တွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်မှ ဖွင့်လှစ်ပေးခဲ့ပါသည်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနလက်အောက်ရှိ ဆေးရုံဖြစ်ပြီး ကိုယ်ဝန်ဆောင်မိခင်စောင့်ရှောက်ကုသမှု၊ ဆေးရုံဆင်းပြီးမွေးကင်းစနှင့် မိခင်များကိုစောင့်ရှောက်မှု၊ ကိုယ်ဝန်ဆောင်မိခင်များ ခွဲခန်းနေ့သက်မှတ်၍ ခွဲစိတ်မွေးဖွားခြင်းနှင့် သားကြောဖြတ်ခြင်းလုပ်ငန်းများဆောင်ရွက်မှု၊ သားဆက်ခြားလိုသည့် မိခင်များအတွက် သားဆက်ခြားခြင်း၊ ကိုယ်ဝန်ဆောင်လူနာများကို ရိုးရိုးမွေးဖွားပေးခြင်းနှင့် အရေးပေါ်ခွဲစိတ်မွေးဖွားခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါသည်။