မိုးငြိမ်းဧ (၁၉၄၄ - ၁၉၉၃)

Listing Description

၁၉၄၄ ခုနှစ်၊ စက်တင်ဘာလ ၂၃ ရက်၊ စနေ့နေ့တွင် အဖ ဦးတင်ဦး၊ အမိ ဒေါ်သန်းမြင့်တို့မှ ရန်ကုန်မြို့၊ ကြည့်မြင်တိုင်မြို့နယ်၌ မွေးဖွားခဲ့သည်။ မွေးချင်း ခုနှစ်ယောက်အနက် သမီးဦး သမီးကြီးဖြစ်သည်။ အမည်ရင်းမှာ ဒေါ်တင်မိုးအေး ဖြစ် ၁၉၆၅ ခုနှစ်တွင် B.A.B.Ed ဘွဲ့ရရှိခဲ့သည်။

၁၉၆၃ ခုနှစ်တွင် ချိုတေးသံမဂ္ဂဇင်း၌ "ကွန်းရိပ်ငြိမ်" ဟူသော ဝတ္တုတိုကို "တက္ကသိုလ် ခင်ပွင့်လန်း" အမည်ဖြင့် ရေးသားကာ စာပေလောကသို့ ဝင်ရောက်ခဲ့သည်။ ယင်းကလောင်အမည်ဖြင့် ဝတ္တုတို သုံးပုဒ်ခန့်ရေးသားကာ ကျောင်းဆရာမဘဝ စတင်ခဲ့သည်။

၁၉၆၇ ခုနှစ်၊ ဇူလိုင်လထုတ် ရှုမဝ မဂ္ဂဇင်းပါ "အလှရှာ ရင်မှာတွေ့" ဟူသော ဝတ္တုတိုကို "မိုးငြိမ်းအေး" ကလောင်အမည်ဖြင့် စတင်ပြောင်းလဲ ရေးသားပြီး ၁၉၇၇ ခုနှစ်၊ ဇန်နဝါရီလပါ "ဘဝစာအုပ်မှ ပန်းသွေးရောင် ကဗျာတစ်ပုဒ်"ဟူသော ဝတ္တုတိုတွင် "မိုးငြိမ်းဧ" ဟု ကလောင်အမည် ထပ်မံပြောင်းလဲကာ ထိုကလောင် အမည်ဖြင့်ပင် ဝတ္တုများ ဆက်လက်ရေးသားခဲ့သည်။

ရူမဝ မဂ္ဂဇင်းတွင် ၁၉၇၆ မှ ၁၉၈၁ အထိ ဝတ္တုတိုပေါင်း ၁၄ ပုဒ်ရေးသားခဲ့ပြီး၊ ၁၉၈၂ မှ ၁၉၈၈ အထိ ၇ နှစ်ခန့် စာရေးသားခြင်း ခေတ္တ အဆက်ပြတ်သွားခဲ့သည်။ ၁၉၈၉ ခုနှစ်တွင်မှ ဟန်သစ်မဂ္ဂဇင်းတွင် "နွေနေအောက်မှ ကြွေ" အခန်းဆက် ဝတ္တုရှည်ကို ပြန်လည်ရေးသားပြီး ကွယ်လွန်ချိန် ၁၉၉၃ ခုနှစ်အထိ ဝတ္တုရှည်များ ဆက်လက်ရေးသားခဲ့သည်။

ဟန်သစ်မဂ္ဂဇင်းတွင် ဝတ္တုတို-ရှည်ပေါင်း ၁၀ ပုဒ်၊ စံပယ်ဖြူမဂ္ဂဇင်းတွင် ၁ ပုဒ်၊ ရုပ်ရှင်တေးကဗျာ မဂ္ဂဇင်းတွင် တစ်ပုဒ်နှင့် ရင်ခုန်ပွင့်မဂ္ဂဇင်းတွင် ၁ ပုဒ် ပုံနှိပ်ဖော်ပြခဲ့ပြီး ဖြစ်သည်။

၁၉၈၅ ခုနှစ်တွင် တိုယိုတာဖောင်ဒေးရှင်းမှ မြန်မာအမျိုးသမီး ၁၂ ယောက်တို့၏ ဝတ္တုတိုများကို ဂျပန်ဘာသာသို့ ပြန်ဆိုထုတ်ဝေသည့် "ပတ္တမြား တစ်ဒါဇင်"(A Dozan Red Stones) ဝတ္တုတိုပေါင်းချုပ် စာအုပ်တွင် ဆရာမ၏ ရှုမဝမဂ္ဂဇင်းပါ "ထိုအကြည့်" ဝတ္တုတို ပါဝင်ခဲ့သည်။

၁၉၉၃ ခု၊ မတ်လထုတ် ဟန်သစ် မဂ္ဂဇင်းတွင် ပါဝင်သည့် "အလွမ်းမျက်နှာ" ဟူသော ဝတ္တုမှာ ၁၉၉၃ ခု၊ဇန်ဝါရီလ ရေးခဲ့သော ဆရာမ၏ နောက်ဆုံးလက်ရာ ဖြစ်သည်။ ဆရာမ ဒုတိယ နောက်ဆုံးရေးသားခဲ့သော "လှိုင်ထိပ်ထားနှင့် တွေ့ဆုံခြင်း" ဝတ္တုတိုမှာ ဆရာမ ကွယ်လွန်ပြီးမှ ၁၉၉၃ ခု၊ ဧပြီလထုတ် ရင်ခုန်ပွင့် မဂ္ဂဇင်းတွင် ပုံနှိပ်ဖော်ပြခြင်းခံရသည်။

စာရေးဆရာမ မိုးငြိမ်းဧ သည် ၁၉၉၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၆ ရက်၊ သောကြာနေ့ ည ၁၁ နာရီ ၁၅ မိနစ်တွင် ကျောက်ကပ်ရောဂါ၊ နှလုံးရောဂါတို့ဖြင့် ရန်ကုန်မြို့၊ ကြည့်မြင်တိုင်မြို့နယ်၊ ဦးကြွယ်ဟိုးလမ်းနေအိမ်၌ ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်အထိ ကျောင်းဆရာမအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။