ကျောက္ကာရွှေဂူနီဘုရား

Listing Description

ရွှေဂူနီဘုရားသည် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ မုံရွာမြို့၏အရှေ့ဘက် ၁၀ မိုင်အကွာ ကျောက္ကာရွာတွင် တည်ရှိပါသည်။ ခေတ်အဆက်ဆက် ကျောက္ကာနှင့်ရွှေဂူနီကို ခွဲခြား၍ မခေါ်ဝေါ်ခဲ့ပါ။ ကျောက္ကာရွှေဂူနီ ဟူ၍သာ ကျောက္ကာရွာကို ကိုယ်စားပြုလျက် ခေါ်ဆိုခဲ့ကြပါသည်။ ကျောက္ကာရွှေဂူနီဘုရားကြီးသည် ဖိနပ်တော် ၃၄တောင် ဉာဏ်တော်အမြင့် ၇၂ တောင် နှင့် အရံစေတီပေါင်း ၄၃ဆူရှိပါသည်။ ကောဇာသက္ကရာဇ် ၁၀၀၀ ပြည့်နှစ်တွင် သာလွန်မင်းတရားကြီးမှ ချုံနွယ်ပိတ်ပေါင်းများကြားတွင် ဖုံးလွှမ်းနေသော သီရိဓမ္မာသောကမင်းကြီးတည်ထားသည့် မူလစေတီတစ်ဆူအား ဌာပနာလျက် အသစ်ပြန်လည်ပြုပြင်မွမ်းမံ တည်ထားခဲ့ပါသည်။ ခေတ်အဆက်ဆက် ပြုပြင်မွမ်းမံခဲ့ရာ သက္ကရာဇ် ၁၀၀၀ ပြည့်နှစ်မှ ၁၃၃၃ခုနှစ်အထိ နှစ်ပေါင်း၃၃၄နှစ်အတွင်း လေးကြိမ် ရင်ပြင်တော်ချဲ့ထွင်ပြုပြင်ခဲ့ပြီး ရွှေသင်္ကန်းကိုလည်း လုံးတော်ပြည့်ကပ်လှူပူဇော်နိုင်ခဲ့ကြပါသည်။ သာလွန်မင်းတရားကြီး ပြုပြင်မွမ်းမံသည်မှ ယနေ့အချိန်ထိ နှစ်ပေါင်း ၄၀၀ နီးပါးမျှကြာမြင့်ခဲ့ပြီဖြစ်သော ရှေးဟောင်းသမိုင်းဝင် စေတီတော်ကြီးတစ်ဆူ ဖြစ်ပါသည် ။