ခင်ယုမေ (၁၉၃၇ - ၂၀၁၄)

Listing Description

၁၉၃၇ ခုနှစ် မတ်လ ၂၃ ရက်နေ့တွင် အဖ ဦးယုစွမ်နှင့် အမိ ဒေါ်ကြင်မြိုင်တို့မှ ရန်ကုန်မြို့၌ မွေးဖွားခဲ့သည်။မွေးချင်းနှစ်ယောက် အနက် သမီးကြီး ဖြစ်ပြီး ညီမငယ် ခင်ခင်အုန်းမှာလည်း အဆိုတော်ဖြစ်သည်။ အမည်ရင်းမှာ မေ ဖြစ်ပြီး ငယ်အမည် ဘိဝှါ ဖြစ်သည်။

၁၉၅၁ ခုနှစ်တွင် စိန့်ဖရန် ကွန်ဗင့်ကျောင်းနှင့် ၁၉၅၅ ခုနှစ်တွင် ရန်ကုန်မြို့ မိန်းကလေးများ အထက်တန်းကျောင်းတို့၌ တက္ကသိုလ်ဝင်တန်း အထိ ပညာ သင်ကြားခဲ့သည်။

၁၉၅၅ ခုနှစ်၊ ၈ တန်းကျောင်းသူ ဘဝကတည်းက ဂီတနယ်သို့ စတင်ရောက်ရှိသည်။ မိသားစုနှင့် တေးရေးဆရာမြို့မသီးတို့ ရင်းနှီးမှုကြောင့် ဂီတဗိမာန်တီးဝိုင်းနှင့် ဝင်ဒါမီယာမှ ထုတ်လွှင့်သော မြန်မာ့အသံ၌ သီချင်း စဆိုခဲ့သည်။ ဆရာမြို့မသီးက မေပန်းချီ သီချင်းကို ရေးပေးပြီး အဆိုတော်အမည်ကိုလည်း မေပန်းချီ ဟု ပေးခဲ့သည်။ တေးဗိမာန် တူရိယာအဖွဲ့သို့ ရောက်သော အခါမှသာ ခင်ယုမေ အမည်ဖြင့် သီဆိုသည်။

ခင်ယုမေ၏ ဂီတဆရာများမှာ “မြို့မသီး၊ ကိုမြကြီး၊ ကိုမျိုးလှိုင်” တို့ဖြစ်ကြသည်။ တေးဗိမာန်တူရိယာအဖွဲ့တွင် အောင်မြင်ကျော်ကြား လူကြိုက်များသော တေးသီးချင်းများ သီဆိုခဲ့သည်။ ရိုင်းတဲ့ စင်ရော်         ၊ လူညိုယဉ်၊ စုံတောမြိုင်၊ မုန့်ဆီကြော်၊ မြင်းလှည်းကလေးနဲ့ တူပျော်ပျော်၊ မေတ္တာမူပိုင်၊ ချိန်းတဲ့ည      ၊ တူတူရေ၊ အလှူ့ရှင်၊ အဝါရောင်ချယ်၊ ယိုလေးငယ် ညာသံ၊ ငွေကြယ်လေးများပမာ၊ မိုးနှမလေး နှုတ်ဆက်လွှာ၊ နှုတ်ဆက်လွှာ၊ ပျော်ပျော်ပါးပါး၊ ယုန်ကလေး၊ ရွှေမန်းမေ၊ စကားတက္ကသိုလ်၊ သက်ဆိုင်သူသို့ စသည့် သီချင်းများမှာ ထင်ရှားကျော်ကြားခဲ့သည်။

၁၉၅၇-၅၈ ခုနှစ်ဝန်းကျင်တွင် ဒါရိုက်တာ ဦးလှတင် ရိုက်ကူးသော “ဤဘဝဝယ်” ဟာသကားတွင် ဟာသ သရုပ်ဆောင် ဦးဖိုးပါကြီးနဲ့ တွဲ၍ ပွဲဦးထွက် စတင်သရုပ်ဆောင်ခဲ့သည်။ ရုပ်ရှင်လောကတွင် ခင်ယုမေ၏ဆရာများမှာ ဆရာဦးချင်းစိန်၊ ဒါရိုက်တာ ဦးတင်လှ၊ ဆရာကြီးဦးသုခ နှင့် မင်းသားကြီးဦးကျော်ဆွေတို့ ဖြစ်သည်။

ရုပ်ရှင်မင်းသမီးအဖြစ် ရုပ်ရှင်ကားပေါင်းများစွာ ရိုက်ကူးခဲ့ပြီး ၁၉၆၁ ခုနှစ်တွင် မန္တလေး ရုပ်ရှင်မှ ရိုက်ကူး ထုတ်လုပ်ခဲ့သော “ကိုယ်ပိုင်မေတ္တာ” ဇာတ်ကားဖြင့် ပထမဆုံးအကြိမ် အမျိုးသမီး ပညာသည်ဆု ရရှိခဲ့သည်။ ၁၉၇၅ ခုနှစ်တွင် ဒါရိုက် တာ ဦးသုခ ရိုက်ကူးခဲ့သော “ရွှေခြည်ငွေခြည်တန်းပါလို့” ရုပ်ရှင်ဇာတ်ကားဖြင့် အကောင်းဆုံးအမျိုးသမီး ဇာတ်ဆောင်ဆု ရရှိခဲ့သည်။

၁၉၆၅ ခုနှစ်တွင် ရုပ်ရှင် မင်းသား ဦးကျော်ဆွေနှင့် လက်ထပ်ခဲ့ပြီး ၁၉၇၁ ခုနှစ်တွင် သားဖြစ်သူ အောင်ကျော်မိုးကို မွေးဖွားခဲ့သည်။ နောက်ပိုင်းတွင် ကွာရှင်းခဲ့ကြသည်။ အောင်ကျော်မိုးမှာ အမေရိကန်ပြည်ထောင်စု၌ နေထိုင်လျက်ရှိသည်။

၂၀၁၄ ခုနှစ် ဇန်နဝါရီလ (၂၃) ရက်တွင် ရန်ကုန်၌ ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်တွင် အသက် (၇၇)နှစ်ရှိပြီ ဖြစ်သည်။