ကြပ်ကလေး (၁၉၂၇-၂၀၀၃)

Listing Description

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့၌ အဖ ဦးအုန်းသောင်း၊ အမိဒေါ်အေးတင့်တို့က ၁၉၂၇ ခုနှစ် ဩဂုတ်လ ၂၆ ရက် သောကြာနေ့ ညဉ့် ၁ဝ နာရီ ၂၄ မိနစ်တွင် မွေးဖွားသည်။ မွေးချင်းသုံးယောက်တွင် အငယ်ဆုံးသား၊ အမည်ရင်းမှာ ဦးသောင်းတင် ဖြစ်သည်။

၁၉၃၂ တွင် အင်းစိန် မြူနီစီပယ်ကျောင်း၊ အင်းစိန် စိန့်အင်ဒရူး အလွတ်ပညာသင်ကျောင်းတို့တွင် မူလတန်းပညာ သင်ကြားခဲ့၏။ အင်းစိန်မြို့နယ် အစိုးရ အထက်တန်းကျောင်းတွင် ၆ တန်း အထိ ပညာသင်ခဲ့သည်။ ၁၉၄၆ တွင် တက္ကသိုလ်ဝင်တန်းအောင်သည်။ ၁၉၄၆ - ၄၇ တွင် ရန်ကုန်တက္ကသိုလ်၌ ဆက်လက် ပညာသင်ယူသည်။ ၁၉၅ဝ - ၅၁ တွင် ဝိဇ္ဇာဘွဲ့ရရှိ၏။

၁၉၅၁ တွင် ငွေစာရင်းမင်းကြီးရုံး၌ အလုပ်သင် ရုံးအုပ်၊ ၁၉၅၄ တွင် အမြဲတမ်းရုံးအုပ်၊ ၁၉၅၅ - ၅၈ တွင် ကူးသန်းရောင်းဝယ်ရေး စာရင်းစစ် ညွှန်ကြားရေးဝန်ရုံး အထက်တန်းစာရင်းစစ်၊ ၁၉၅၉ တွင် ငွေစာရင်းမင်းကြီးရုံး ရုံးအုပ် ပြန်လုပ်သည်။ ၁၉၆ဝ တွင် လက်ထောက် ငွေစာရင်းမင်းကြီး၊ ၁၉၇၁ တွင် တော်လှန်ရေးကောင်စီ၏ အတိုင်ပင်ခံ အဖွဲ့ရုံးတွင် ရုံးနှင့် ငွေစာရင်း ကြီးကြပ်ရေးမှူး၊ ၁၉၇၄ တွင် နိုင်ငံတော် ကောင်စီရုံးတွင် ဌာနခွဲမှူး၊ ၁၉၈၁ တွင် လက်ထောက် ညွှန်ကြားရေးမှူး၊ ၁၉၈၂ တွင် ဒုတိယ ညွှန်ကြားရေးမှူးအဖြစ် အမှုထမ်းခဲ့သည်။ ၁၉၈၇ တွင် သက်ပြည့်ပင်စင် ယူခဲ့သည်။

၁၉၄၆ ခု ၈ တန်း၌ ပညာသင်ယူနေဆဲ ဇဝနဂျာနယ်တွင် ‘ကြပ်ကလေး’ ကလောင်အမည်ဖြင့် ‘ဦးလေးကြီးခင်ဗျား’ အယ်ဒီတာ့ထံ ပေးစာရေးပြီး စာပေနယ်ထဲ စတင်ဝင်ရောက်ခဲ့သည်။ 'ကြပ်ကလေး' အမည်ဖြင့် ဟာသနှင့် သရော်စာများ ရေးခဲ့သည်။ မဟိုဒင်း (၁၉၅ဝ)၊ ရွှေရည်လူးတဲ့ ချစ်ဦးသူ (၁၉၆၃)၊ ပြည်ပန်းညို (၁၉၆၅)၊ ပဲခူးဆား (၁၉၆၇)၊ မတလုံးကြေနှင့် အခြား ဝတ္ထုတိုများ (၁၉၇၁) တို့မှာ ထင်ရှားသည်။

၁၉၅၁ ခုနှစ် ခန့်တွင် 'သက်လုံ' အမည်ဖြင့် သွေးသောက်မဂ္ဂဇင်းတွင် စတင် ရေးသား ခဲ့သည်။ ဘဝ အောင်မြင်ရေး၊ စိတ်နယ်လွန်၊ အတွေးအခေါ်၊ ဂန္ဓာရီနှင့် ရုပ်ရှင် ဇာတ်ညွှန်းများ ရေးခဲ့သည်။ စေ့ထားသော တံခါးများ (၁၉၈၁)၊ သော့ချက် ၃၈ ချောင်း (၁၉၈၆)၊ မနောတွင်းမှ အလင်းရောင် (၁၉၉၃)၊ ဂန္ဓာရီ အလွှာမှ မှတ်တမ်းများ (၁၉၉၄)၊ ဘဝအောင်မြင်ရေး၊ ကျန်းမာပျော်ရွှင်မှုနှင့် စိတ်စွမ်းအင် (၁၉၉၆)၊ စီးပွားရေး ဖုန်းရွှေ (၁၉၉၉)၊ တရုတ် ပညာရှိကြီး မိန်းရှပ် (၂ဝဝ၂) တို့မှာ ထင်ရှားသည်။ "တဝက်နှင့် တခြမ်း"၊ "တကျော့နှစ်ကျော့ တေးကိုသီ" နှင့် "ဗွေသီဟာ" ရုပ်ရှင်ဇာတ်ညွှန်းများ ရေးခဲ့သည်။

'နန္ဒသူ' ကလောင် အမည်နှင့်မူ သမိုင်းနောက်ခံ ဝတ္ထုများနှင့် ဘာသာပြန် ဝတ္ထုများ ရေးခဲ့သည်။ နှင်းပွင့်တိုင်းပြည် (၁၉၆၉)၊ ဟယ်ရီပေါ့တာနှင့် ပြဒါးရှင် (၂ဝဝ၂) ဘာသာပြန်များ၊ တာရာဒေဝီ (၁၉၇၄)၊ (၂၀၁၆)၊ နှလုံးသား ခြေရာ (၁၉၇၆) သမိုင်းနောက်ခံ ဝတ္ထုတို့မှာ ထင်ရှားသည်။ ကလောင်ခွဲပေါင်း များစွာဖြင့် စာအမျိုးမျိုး ရေးခဲ့သည်။

၂ဝဝ၃ ခုမတ်လ ၃ ရက်နေ့တွင် ရန်ကုန် ပုဇွန်တောင်မြို့နယ် ရေကျော်ရပ်၊ ယုဇနလမ်း နေအိမ်၌ ကွယ်လွန်ခဲ့သည်။

ထင်ရှားသောစာအုပ်အချို့

စေ့ထားသောတံခါးများ(၂)တွဲ (သက်လုံ)

စီးပွားရေးဖုန်းရွှေ(သက်လုံ)

သားငယ်ရွယ်လူးသိစေဦး(၂-တွဲ)(သက်လုံ)

ဂန္ဓာရီအလွှာမှ မှတ်တမ်းများ(သက်လုံ)

ယီကျင်း(သက်လုံ)

နှင်းပွင့်တိုင်းပြည်(နန္ဒသူ)

မုန်းချစ်သံသရာ ဟိုဘက်မှာ(နန္ဒသူ)

တာရာဒေဝီ(သမိုင်းနောက်ခံဝတ္ထု-နန္ဒသူ)

နှလုံးသားခြေရာ(သမိုင်းဝတ္ထု)နန္ဒသူ

စာပေါလောက(ကြပ်ကလေး)

မဟိုဒင်း(ကြပ်ကလေး)

ဦးပေါင်းစင်းနှင့် မြင်းညိုရှင်(ကြပ်ကလေး)

ပြည်ပန်းညို(ကြပ်ကလေး)