မိုးနဲဟော်နန်း

Listing Description

ရှမ်းပြည်တောင်ပိုင်း မိုးနဲမြို့လယ်တွင် တည်ရှိသည့် မိုးနဲဟော်နန်းသည်  ၁၉၅၁ ခုနှစ်တွင် အသစ်ပြန်လည် တည်ဆောက်ထားသော ဟော်နန်းဖြစ်ပါသည်။ မူလဟော်နန်းနေရာမှာ နောင်မိုကန်၏ တောင်ဘက် ဟုသိရပြီး ၎င်းဟော်နန်းကို ၁၈၅၄ ခုနှစ်တွင် တည်ဆောက်ခဲ့ကာ ၁၈၉၈ ခုနှစ်တွင် မီးလောင်ပျက်စီးသွားခဲ့သည်။ ၁၉၃၃ ခုနှစ်တွင် အသစ်ပြန်လည်တည်ဆောက်ခဲ့သော်လည်း ၁၉၄၅ ခုနှစ်တွင် အင်္ဂလိပ်တို့အားစစ်ရှုံး၍ ထွက်ပြေးလာသော ဂျပန်စစ်သားများ မီးရှို့ဖျက်စီးခဲ့သဖြင့် ၁၉၅၁ ခုနှစ်တွင် ယခုလက်ရှိဟော်နန်းကို ပြန်လည်တည်ဆောက်ခဲ့ပါသည်။ မိုးနဲစော်ဘွား စဝ်ပြည့်သည် ၁၉၄၈ ခုနှစ်တွင် ကွယ်လွန်ခဲ့သော မိုးနဲစော်ဘွား စဝ်ကျော်ဟိုးကို ဆက်ခံခဲ့ပြီး ၁၉၅၁ ခုနှစ်တွင် မိုးနဲဟော်ကို တည်ဆောက်ကာ ၁၉၅၂ ခုနှစ်တွင် ဟော်တက်မင်္ဂလာကျင်းပခဲ့သည်။ မိုးနဲဟော် သည် ဥရောပဟန် အဆောက်အအုံတစ်ခုဖြစ်ကာ ဧည့်သည်များ နားခိုနိုင်ရန် ဥတ္တရဂေဟာနှင့်ဒက္ခိဏ ဂေဟာ အမည်ရှိ အဆောင်နှစ်ခုကို ဟော်၏ တောင်ဘက်နှင့် မြောက်ဘက်တွင် တည်ဆောက်ခဲ့သည်။  မိုးနဲဟော်တွင် ကျယ်ဝန်းသော လသာဆောင်ကိုလည်းထည့်သွင်းဆောက်လုပ်ခဲ့သည်။ မိုးနဲဟော်ဝင်းအတွင်း၌ စော်ဘွားများစိုက်ထူခဲ့သည့် မလိုင်တိုင်နှင့် ကျိုင်းတုံစော်ဘွား လက်ဆောင်ပေးခဲ့သည့် နွားကြေး ရုပ်တို့ တည်ရှိနေကြကာ ယင်းတို့သည် မိုးနဲမြို့၏ အထင်ကရ အမှတ်လက္ခဏာများဖြစ်သည်။ မိုးနဲဟော်နန်း ရှေ့တွင် ၁၈၉၁ ခုနှစ်က စိုက်ထူခဲ့သည့် မာလိန်တိုင် (မီးလင်းတိုင်)ကိုလည်း မြင်တွေ့နိုင်ပါသည်။ သီတင်းကျွတ် လပြည့်နေ့နှင့် အခါကြီးရက်ကြီးများတွင် ယင်း မာလိန်တိုင် (မီးလင်းတိုင်)တွင် ဆီမီးထွန်းညှိလေ့ရှိပါသည်။