ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုးနဲမြို့၊ နာဟောင်ရပ်ကွက်တွင် တည်ရှိပါသည်။ မူလကုသိုလ်ရှင်မှာ သီရိဓမ္မာသောကမင်းကြီးဖြစ်သည်ဟု သိရပါသည်။ မိုးနဲ နှစ်ကျိပ်ရှစ်ဆူ ဘုရားသည် စဉ့်ကိုင်မြို့နယ်ရှိ မက္ခရာမြို့ဟောင်းမှ အမရပူရခေတ်လက်ရာ ရွှေရောင်တော်ဘုရားနှင့် လက်ရာနီးစပ်မှုရှိကာ ရှမ်းဟန်များဖြင့် ထုလုပ်ထားသည်။ ရှေးယခင်က စေတီတော်၏ လိုဏ်မုခ်ငယ်များအတွင်း၌ ထိုင်တော်မူဆင်းတုတော် ၂၈ ဆူရှိပြီး ယခုအခါ ထိုင်တော်မူဆင်းတုတော် ၃၆ ဆူတည်ထားကိုးကွယ်ထားပါသည်။ စေတီတော်၏ ပင်မလိုဏ်ဂူအတွင်း၌ အနည်းငယ်သာကျန်ရှိတော့သော ရှေးဟောင်းနံရံဆေးရေးပန်းချီအချို့ကို တွေ့မြင်လေ့လာနိုင်ပါသည်။