ဦးထွန်းဝေ (၁၉၂၀ - ၂၀၀၅)

Listing Description

ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ ဦးထွန်းဝေကို ၁၉၂၀-ခုနှစ်၊ အောက်တိုဘာ ၂၃ ရက်နေ့ ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့၌ အဖ ဦးကျော်စိန်နှင့် အမိ ဒေါ်ရွှေရင်တို့မှ မွေးဖွားခဲ့သည်။ မွေးချင်းများအနက် သားကြီး ဖြစ်သည်။

နတ်တလင်းအထက်တန်းကျောင်းတွင် အထက်တန်းပညာ သင်ကြားခဲ့ပြီး ၁၉၄၂-ခုနှစ်တွင် တရုတ်ပြည် ချုံကင်းမြို့တွင် စာနယ်ဇင်းသင်တန်း တက်ရောက်ခဲ့သည်။ ၁၉၄၇-ခုနှစ်တွင် နယ်ခြားသတင်းထောက်၊ နေ့စဉ်လမ်းညွှန် သတင်းစာများတွင် ဝင်ရောက်လုပ်ကိုင်ခဲ့သည်။ ၁၉၄၈ - ၄၉-ခုနှစ်တွင် မန္တလေးမြို့ထုတ် `ဘဝသစ်နေ့စဉ်´တွင် အယ်ဒီတာချုပ်အဖြစ် လုပ်ကိုင်ခဲ့သည်။

သိန်းဖေမြင့်မှတစ်ဆင့် ဗြိတိသျှဘားမားရှိ ရွှေဒုံးဘီအောင်၏ တပည့်အဖြစ် ရုပ်ရှင်ပညာ သင်သည်။ ပထမဆုံး ဇာတ်ရံပါရမှာ ၁၉၅၂ ခုတွင် ဦးချစ်ခင်ရိုက်သည့် ချစ်ရေးမလွယ် ဇာတ်ကား ဖြစ်သည်။ ၁၉၅၇ ခုတွင် ဦးချစ်စိန် ရိုက်သည့် ဗိုလ်မြဒင် ကားမှစ၍ ခေါင်းဆောင်မင်းသား ဖြစ်လာသည်။

၁၉၅၇-ခုနှစ်တွင် ဗိုလ်မြဒင် ဇာတ်ကား၊ ၁၉၅၉ မှာ ကကြီးရေက ဇာတ်ကား၊ ၁၉၈၃-ခုနှစ်တွင် တတိယအရွယ်၏ ဒုတိယဝေဒနာ ဇာတ်ကားများနှင့် ရုပ်ရှင်သရုပ်ဆောင် ထူးချွန်ဆု အကယ်ဒမီရရှိခဲ့သည်။

၁၉၅၂-ခုနှစ်တွင် ပီကင်းတွင်ကျင်းပသော အာရှနှင့် ပစိဖိတ်ဒေသငြိမ်းချမ်းရေး ကွန်ဂရက်သို့ ကိုယ်စားလှယ်အဖြစ် သွားရောက်ခဲ့ပြီး၊ ၁၉၅၆-ခုနှစ်တွင် မြန်မာ့ရုပ်ရှင်ပညာရှင်များ ကိုယ်စားလှယ်အဖြစ် တရုပ်ပြည်သို့ သွားရောက်ခဲ့သည်။ ၁၉၆၀-ပြည့်နှစ်တွင် မြန်မာ့ရုပ်ရှင် ပညာရှင်များ ကိုယ်စားလှယ်အဖြစ် တရုတ်ပြည်၊ ဘေကျင်းသို့ သွားရောက်ခဲ့ပြန်သည်။

၁၉၆၇-ခုနှစ်မှစပြီး အမြင့်သဘင်နှင့် ရုပ်ရှင်အစည်းအရုံးအဖွဲ့ဝင်၊ ၁၉၅၃-ခုနှစ်တွင် တရုတ်-မြန်မာ ချစ်ကြည်ရေး အဖွဲ့ကောင်စီဝင် အဖြစ် ဆောင်ရွက်ခဲ့သည်။

ဦးထွန်းဝေသည် ပထမ ဒေါ်စောနှင့် လက်ထပ်ခဲ့သည်။ ထို့နောက် ဇနီး ဒေါ်စော ကွယ်လွန်သွားသောအခါ၊ ဇနီး၏ တူမဖြစ်သူ ဒေါ်ထွေးထွေးနှင့် ထပ်မံ လက်ထပ်ခဲ့ပြီး၊ သား ၂ ယောက် ထွန်းကားခဲ့သည်။

ရန်ကုန်မြို့ ရန်ကင်းမြို့နယ်၊ ပြည်သာယာ၊ သီရိဇေယျာလမ်း၊ နေအိမ်တွင် ၂၀၀၅ ခုနှစ် ဩဂုတ်လ ၈ ရက်နေ့ နံနက် ၁နာရီ ၂၅ မိနစ်၌ ကွယ်လွန်အနိစ္စရောက်ခဲ့သည်။ ကွယ်လွန်ချိန်တွင် ဇနီး ဒေါ်ထွေးထွေးနှင့် သားသမီး၊ မြေးများ ကျန်ရစ်ခဲ့သည်။