ရွှေဆံတော်စေတီ

Listing Description

ရွှေဆံတော်ဘုရားသည် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ပုဂံမြို့ အနော်ရထာလမ်းမကြီး၏ အရှေ့တောင်ဘက်တွင်တည်ရှိပါသည်။ သက္ကရာဇ် ၁၀၅၇ ခုနှစ်တွင် အနော်ရထာမင်းမှ သထုံမြို့ကို စစ်အောင်နိုင်ပြီး သထုံမှပင့်ဆောင်လာသော ဗုဒ္ဓဆံတော်မြတ်အား ဌာပနာ၍ ရွှေဆံတော်စေတီတော်ကို တည်ထားကိုးကွယ်ခဲ့သည်ဟု သိရပါသည်။ ရွှေဆံတော်စေတီတော်သည် ပစ္စယာငါးဆင့်ခံ၍ တည်ဆောက်ထားပြီး ပစ္စယာအပေါ်တွင် ခေါင်းလောင်းပုံစေတီပေါက်ထားပါသည်။ စေတီတော်၏ မျက်နှာလေးဘက်လုံးတွင် နတ်လမ်းလှေကားရှိပြီး ပဥ္စမပစ္စယာအထိ တက်ရောက်ဖူးမြော်နိုင်ပါသည်။ စေတီတော်သည် ၁၉၅၇ ခုနှစ်မတိုင်မီအထိ တစ်ဆူလုံးအုတ်ခဲအနီရောင်ဖြစ်ပါသည်။ ၁၉၅၇ ခုနှစ်တွင် ရွှေဆံတော် တောရကျောင်းဆရာတော် ဦးဝါယမနာယကပြုလျက် ဂေါပကအဖွဲ့များက အောက်ပစ္စယံနှစ်ဆင့်ချန်လှပ်၍ အားလုံးကိုပြုပြင်ပြီး အင်္ဂတေအချောကိုင်ထုံးသင်္ကန်းကပ်လှူခဲ့သဖြင့် စေတီအသစ်ကဲ့သို့ ဖြစ်နေပါသည်။ ထိုသို့ပြုပြင်စဉ်က ကြေးဆင်းတုတော်ပေါင်း ၅၀ ဆူရရှိပြီး ယခုအခါ ထိုဆင်းတုတော်များကို ပုဂံရှေးဟောင်းသုတေသနပြတိုက်တွင် ပြသထားရှိပါသည်။ တစ်ချိန်က ပစ္စယာများတွင် ငါးရာ့ငါးဆယ်ဇာတ်အုတ်ချပ်များ တပ်ဆင်ခဲ့သည်။ ယင်းတို့အနက် မပျက်မစီး ကျန်ရှိနေသေးသည့် အုတ်ချပ်အချို့မှာ ပုဂံ၌တွေ့သမျှ အုတ်ချပ်များတွင် ရှေးအကျဆုံးဟု ယူဆကြသည်။ ပစ္စယာများ၌ ထောင့်စေတီများတည်ထားခဲ့ခြင်း မရှိပဲ ထိုနေရာတွင် မဟာဝိနာယကဂနသျှ ခေါ် ဆင်ဦးခေါင်းရှိ ဟိန္ဒူမဟာပိန္နဲနတ်ရုပ်များ ရှိခဲ့ကြောင်း စေတီအောက်တွင် တွေ့ရသော အကျိုးအပဲ့များအရ သိရသည်။ ထို့ကြောင့် ရွှေဆံတော်စေတီကို မဟာပိန္နဲစေတီဟုလည်း အချို့က ခေါ်ကြပါသည်။