ပန်ခန်ရွာ

Listing Description

ပန်ခန်ရွာသည် ရှမ်းပြည်နယ်၏ ဆွစ်ဇာလန်ဟု တင်စားခံရသည့် သီပေါမြို့မှ တစ်ည အိပ်လမ်းလျှောက်သွားရသည့် ပလောင်များနေထိုင်သော ရွာဖြစ်သည်။ သီပေါမြို့ပြင် နမ့်ဟူးနွဲ့ ရေတံခွန်သွားသည့် လမ်းမှ သွားရပြီး ပန်ခန်သည် နန့်ဟူးနွဲ့နှင့် နမ့်တောက်ကြားမှ လမ်းခွဲတစ်ခုကို ဖြတ်သွားပါသည်။ နိုင်ငံခြားသားအများစုမှာ ဒေသခံလမ်းပြတစ်ယောက်ငှားပြီး တစ်ညအိပ် နှစ်ရက်ခရီးသွားကြပါသည်။ ပန်ခန်ရွာသို့ သွားသည့်လမ်းတစ်လျှောက်တွင် လမ်းလျှောက် ဈေးဝယ်ထွက်ကြသော အထမ်းများနှင့် ပလောင်လူမျိုးများ၊ ညအိပ်လမ်းလျှောက်ကြသော နိုင်ငံခြားသား အများအပြားဖြင့် စည်ကားနေတတ်ပါသည်။ လမ်းလျှောက်လာရောက်ကြသော ဧည့်သည်အများစုမှာ ရွာတွင် တစ်ညအိပ်၊ နှစ်ညအိပ် တည်းခိုကြပြီး တည်းခိုနိုင်ရန် ဒေသခံအိမ်များတွင် သပ်သပ်ရပ်ရပ် ပြင်ဆင်ပေးထားပြီး ပလောင်ရိုးရာ အစားအသောက်များဖြင့် တည်ခင်းဧည့်ခံလေ့ရှိပါသည်။ လက်ဖက်အနံ့များသင်းပျံ့လျက်ရှိသည့် ထိုရွာထဲသို့ လမ်းလျှောက်သွားလျှင် လက်ဖက်နယ်နေသော ပလောင်ရိုးရာဝတ်စုံဝတ်ဆင်ထားသည့် အမျိုးသမီးများကို တွေ့မြင်နိုင်ပါသည်။ တောကြမ်းခရီးနှင်လိုသူများ၊ ပလောင်လူမျိုးများ၏ရိုးရာဓလေ့သဘာဝများကို စိတ်ပါဝင်စားသူများ၊ တောင်တက်လိုသူများအတွက် ရွေးချယ်စရာကောင်းသည့် ခရီးစဉ်တစ်ခုဖြစ်ပါသည်။