သကျမာရဇိန်သွန်းဘုရားကြီး

Listing Description

သကျမာရဇိန်သွန်းဘုရားကြီးသည် ရန်ကုန်တိုင်းဒေသကြီး ခရမ်းမြို့တွင် တည်ရှိသည်။ သက္ကရာဇ် ၁၂၈၆ ခု (ခရစ်နှစ် ၁၉၂၅) တွင် ဘုရားဒါယကာ ဦးဘသိန်း၊ ဘုရားဒါယိကာမ ဒေါ်သိန်းမိ တို့က ဦးဆောင်၍ မြို့သူမြို့သားများ၏ စုပေါင်းပါဝင်မှုဖြင့် မန္တလေးမြို့ သကျသီဟရုပ်ပွားတော်မြတ်ကြီး၏ ပုံတော်ပမာဏအတိုင်း သွန်းလုပ်ပူဇော်ခဲ့ကြပါသည်။ ရုပ်ပွားတော်မြတ်ကြီးအား သွန်းလုပ်ရာတွင် ကြေးပိဿာချိန် နှစ်ထောင့်သုံးရာ အသုံးပြုခဲ့ပြီး ဉာဏ်တော်အမြင့်မှာ ကိုးတောင်နှင့် တစ်မိုက် ဖြစ်သည်။ ဘွဲ့တော်မှာ မဟာသကျမာရဇိန ဖြစ်ပြီး သကျမာရဇိန်သွန်းဘုရားကြီးဟု ထင်ရှားပါသည်။ သက္ကရာဇ် ၁၃၀၁ ခုနှစ်၌ ရုပ်ပွားတော်မြတ်ကြီးတွင် ကပ်လှူပူဇော်ထားသော ပတ္တမြားသင်းကျစ်တော်ကြီးကို မသမာသူများမှခိုးယူခံရသည်။ သို့သော် မကြာမြင့်မီအချိန်တွင် ခိုးသူများကို ခိုးရာပါပစ္စည်းများနှင့်တကွ ပြန်လည်ဖမ်းဆီးရမိခဲ့သည်။ ထိုသို့ခိုးသူတို့ရန်ကြောင့် အသစ်ပြန်လည်ပြုလုပ်သော ပတ္တမြားသင်းကျစ်တော်ကို ဗုဒ္ဓပူဇနိယပွဲတော်ကာလအတွင်းသာ ကပ်လှူပူဇော်ထားပြီး ကျန်အချိန်များတွင် အခြားသင်းကျစ်တော်တစ်ခုကို အစားထိုးကပ်လှူထားပါသည်။ ဘုရားကြီး၏ မုဒ်ဦးမှ ခြင်္သေ့ကြီးနှစ်ကောင်ရုပ်ထုမှာ အမြင့် ၁၃ ပေ ၉ လက်မရှိပြီး မန္တလေးမြို့ မဟာမုနိရုပ်ရှင်တော်မြတ်ကြီး၏ မြောက်ဖက်မုခ်မှ ခြင်္သေ့ရုပ်တုကြီးများ၏ အတိုင်းအထွာအတိုင်း ထုလုပ်ထားပါသည်။ သကျမာရဇိန်သွန်းဘုရားကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကို နှစ်စဉ် တပေါင်းလဆန်း ၈ ရက်နေ့မှ လပြည့်နေ့အထိ ကျင်းပပါသည်။