မဟာမြတ်မုနိ(ခ)စန္ဒာမုနိဘုရား

Listing Description

မဟာမြတ်မုနိ(ခ)စန္ဒာမုနိဘုရားသည် မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်၊ အင်းဝမြို့ အပြင်မြို့ရိုးအတွင်း လေးထပ်ကြီးကျောင်း အရှေ့ဘက်တွင် တည်ရှိပါသည်။ စေတီတော်ကို ညောင်ရမ်းမင်းက သက္ကရာဇ်(၉၆၄)ခု တန်ခူးလပြည့်ကျော် (၆)ရက်နေ့တွင် စတင်တည်ထားခဲ့သည်။ သားတော် အနောက်ဘက်လွန်မင်းက ပြီးစီးအောင် ဆက်လက်တည်ထားခဲ့ပြီး လုံးတော်ပြည့် ရွှေချခဲ့သော စေတီဖြစ်ပါသည်။ အမရပူရမြို့တည် ဘိုးတော်ဗဒုံမင်းတရားသည် သံပိဿာချိန် (၁၁၃၆၈)ဖြင့် သွန်းလုပ်ခဲ့သော ဉာဏ်တော် ၅ တောင် ၂ မိုက်ရှိ စန္ဒာမုနိရုပ်ပွားတော်ကို မင်းကွန်းတွင် သွန်းလုပ်ကာ အမရပူရမြို့သို့ပင့်ဆောင်ပူဇော်ခဲ့သည်။ အင်း၀ စတုတ္ထမြို့တည် ဘကြီးတော်မင်းတရားကြီးသည် သက္ကရာဇ် (၁၁၈၅) ဝါခေါင်လပြည့်ကျော် ၅ ရက်နေ့တွင် စန္ဒာမုနိ ရုပ်ပွားတော်ကို အမရပူရမှ အင်းဝသို့ ပင့်ဆောင်ကာ မဟာမြတ်မုနိဘုရားရှေ့တွင် ဘုံခုနစ်ဆင့်ပြာသာဒ်ဖြင့် တည်ထားကိုးကွယ်ခဲ့ပါသည်။ စန္ဒာမုနိရုပ်ပွားတော်မှာ သံဖြင့် အဦးဆုံး သွန်းလုပ်ခဲ့သည့် ရုပ်ပွားဆင်းတုတော်တစ်ဆူပင် ဖြစ်ပါသည်။ နောက်ပိုင်း သက္ကရာဇ် ၁၂၀၀ ပြည့်နှစ်တွင် သာယာဝတီမင်းမှ စန္ဒာမုနိရုပ်ပွားတော်အား အင်းဝမှ အမရပူရသို့ ပြန်လည်ပင့်ဆောင် ကိုးကွယ်ခဲ့ပြီး မင်းတုန်းမင်း နန်းတက်ပြီးနောက် မြို့တော်ကို အမရပူရမှ မန္တလေးသို့ ပြောင်းရွှေ့သည့်အခါ စန္ဒာမုနိရုပ်ပွားတော်ကို အမရပူရမှ မန္တလေးသို့ ရွှေ့ပြောင်းပင့်ဆောင် ပူဇော်ခဲ့သည်။ လက်ရှိကာလ အင်းဝဒေသတွင် သမိုင်းဝင်မဟာမြတ်မုနိ (ခ) စန္ဒာမုနိဘုရားကို ကြည်ညိုဖွယ်ရာ ဖူးမြော်နိုင်ပါသည်။