မဟာမုနိကေလဇာတီဘုရားကြီး

Listing Description

တောင်ငူမြို့၊ မဟာမုနိကေလဇာတီစေတီတော်ကို မြန်မာသက္ကရာဇ် ၉၁၄ တော်သလင်းလဆန်း ၁၅ ရက်နေ့တွင် ဘုရင့်နောင်မင်းတရားကြီးနှင့် မိဘုရားခေါင်ကြီးတို့မှ ကေလာသကုန်းမြေပေါ်တွင် တည်ထားကိုးကွယ်ခဲ့ပါသည်။ ရွှေစည်းခုံဘုရား၏ မြောက်ဘက်တွင်တည်ရှိပါသည်။ ဘုရင့်နောင်မင်းကြီးနှင့် မိဖုရားခေါင်ကြီးတို့ လက်ထပ်မင်္ဂလာဆင်နွှဲရာ နေရာဖြစ်သဖြင့် မူလအစတွင် ရွှေချိန် ၂၅ ကျပ်သားဖြင့် ဗုဒ္ဓကိုယ်စား ရုပ်ပွားတော်မြတ်တစ်ဆူကို တန်ဆောင်းပြဿဒ်များဖြင့် တည်ထားကိုးကွယ်ခဲ့ပါသည်။ မြန်မာသက္ကရာဇ် ၉၃၂ ခုနှစ်တွင် သီရိလင်္ကာမှ ဆက်သသော ဓါတ်တော်၊မွေတော်များ နှင့် မူလရုပ်ပွားတော်ကို ရွှေငွေရတနာများဖြင့် တန်ဆာဆင်လျက် ဌာပနာတိုက်၇ထပ်စီစဉ်ကာ ၎င်းဌာပနာတိုက်အပေါ်မှ ဉာဏ်တော် ၇ တောင်မြင့်သော မင်္ဂလာအထိမ်းအမှတ်စေတီ အဖြစ်ထပ်မံ တည်ထားခဲ့ပါသည်။ စေတီဘုရားဝန်းအတွင်းတွင် နှစ်ကျိတ်ရှစ်ဆူသော ဆင်းတုတော်များရှိပြီး ယင်းနှစ်ကျိတ်ရှစ်ဆူသော ဆင်းတုတော်များကိုအကြောင်းပြု၍ နှစ်ကျိတ်ရှစ်ဆူလှည့်လည် ပူဇော်ပွဲကို တန်ဆောင်းမုန်းလ၌ တောင်ငူမြို့တွင် ကြီးကျယ်ခန်းနားစွာ ပြုလုပ်လေ့ရှိပါသည်။