ဦးခင်မောင်ကလေး (၁၉၁၂ - ၁၉၈၅)

Listing Description

တောင်ငူမြို့၊ ယိုးဒယားတန်း၌ ၁၉၁၂ ခုနှစ်အောက်တိုဘာလ ၁၂ တွင် အဖဦးဖိုးလှနှင့် အမိဒေါ်အေးမယ် တို့က မွေးဖွားသည်။ မွေးချင်း ၁ဝ ယောက်တွင် ဒုတိယမြောက် သားဖြစ်သည်။

မန္တလေးမြို့ အမျိုးသား အထက်တန်းကျောင်းတွင် စတင်ပညာသင်ကြားခဲ့ပြီး ထိုကျောင်းမှ ၁ဝ တန်း အောင်သည်။ ထို့နောက် မန္တလေးဥပစာကောလိပ်၌ ဆက်လက်ပညာသင်ကြား ခဲ့ရာ ၁၉၃၅ ခုနှစ်တွင် ဥပစာတန်းအောင်သည်။ ထိုမှ ရန်ကုန်တက္ကသိုလ်သို့ ပြောင်းရွေ့၍ ပညာသင်ကြားခဲ့သည်။ ၁၉၃၆ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်ကျောင်းသားသပိတ် အရေးတော်ပုံ ကြီး ပေါ်ပေါက်ခဲ့ရာ သပိတ် ခေါင်းဆောင်တစ်ဦး ဖြစ်ခဲ့သည်။ သပိတ်ကြီး ပြီးဆုံးပြီးနောက် ၁၉၃၇ ခုနှစ်တွင် ဝိဇ္ဇာတန်း အောင်မြင်ခဲ့သည်။

ထို့နောက် မန္တလေးမြို့ အမျိုးသားကျောင်း၌ သမိုင်း ဘာသာပြ အထက်တန်းကျောင်းဆရာအဖြစ် ဝင်ရောက် လုပ်ကိုင်သည်။ အင်္ဂလိပ်အစိုးရက ပြဋ္ဌာန်းသော ရာဇဝင်သင်ရိုးညွှန်း တမ်းများတွင် မိမိ၏ အယူ အဆများကိုထည့်သွင်း၍ ကျောင်းသားများ ဇာတိသွေးဇာတိမာန် တက်ကြွလာအောင်၊ မျိုးချစ်စိတ်ရင့်သန်လာအောင် သင်ကြား ပေးခဲ့သည်။

၁၉၃၈ ခုနှစ်တွင် ပြည်လုံးကျွတ် ကျောင်းသားသပိတ်ကြီး ပေါ်ပေါက်ခဲ့ရာ အဆိုပါသပိတ်ကြီးတွင်ပါဝင်သော မန္တလေးမြို့မှ ကျောင်းသားထုကြီးကို ခေါင်းဆောင်လမ်းပြခဲ့သည်။ ထိုစဉ် ရန်ကုန်မြို့၌ ကျောင်း သားခေါင်းဆောင် ဗိုလ်အောင်ကျော် ကျဆုံးကြောင်း ကြားရသောအခါ မန္တလေးလူထုကြီး မခံမရပ် နိုင်ဖြစ်၍ အုံကြွဆန္ဒပြကြရာ ဦးခင်မောင်ကလေးသည် ရှေ့တန်းမှ ပါဝင်ခဲ့သည်။ ထိုဆန္ဒပြပွဲကြီးတွင် သံဃာတော်များ၊ အရပ်သားများ၊ ကျောင်းသားများ စုစုပေါင်း အာဇာနည် ၁၇ ဦးကျဆုံးခဲ့ရသည်ကို မျက်မြင် ကြုံတွေ့ခဲ့ရသည်။

ထို့နောက်တွင် နိုင်ငံရေးနယ်သို့ ဝင်ရောက်ခဲ့ပြီး အထက် မြန်မာပြည် ဒေသများ၏ စည်းရုံးရေးတာဝန်ကို ယူခဲ့သည်။ ဒုတိယကမ္ဘာစစ်ကြီး ဖြစ်ပွားလာသောအခါ ဗမာ့လွတ်လပ်ရေးတပ်မတော်(ဘီအိုင်အေ)သို့ ဝင်ရောက်ခဲ့သည်။ ဗမာ့လွတ်လပ်ရေးတပ်မတော်၊ ဗမာ့ကာကွယ်ရေးတပ်မတော်၊ ဗမာ့အမျိုးသားတပ်မတော်များတွင် ဗိုလ်ကြီး အဆင့်မှ ဗိုလ်မှူးအဆင့်ထိ အမှုထမ်းခဲ့သည်။

ဂျပန်များကို တော်လှန်ရေး အတွက် ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့လွတ်လပ်ရေး အဖွဲ့ချုပ် ခေါ် ဖတပလ ဖွဲ့စည်းရန် ၁၉၄၄ ခု၊ ဩဂုတ်လ ညဦး အချိန်တွင် ကန်တော်ကြီး ပတ်လမ်း၊ ယခု နတ်မောက်လမ်းရှိ ဗိုလ်ချုပ်အောင်ဆန်း၏ အိမ်တွင် အထူး အစည်းအဝေး ကို လျှို့ဝှက်စွာ တက်ရောက်ခဲ့သည်။

စစ်ပြီးသောအခါ တပ်မတော်မှထွက်၍ ဖဆပလအဖွဲ့ချုပ် တွင် တာဝန်ထမ်းဆောင်သည်။ လွတ်လပ်ရေးအကြိုကာလအတွင်း ဖွဲ့စည်းခဲ့သော နယ်ခြားဒေသ တိုင်းရင်းသားများရှေ့ရေးနှင့် စပ်လျဉ်း၍ တိုင်းရင်းသားများ၏ ဆန္ဒ သဘောထားရယူရေးကော်မရှင်၊ လွတ်လပ်သော မြန်မာနိုင်ငံတော်၏ အခြေခံဥပဒေမူများ ချထားရေးကော်မတီ စသော နိုင်ငံတော်၏ အရေးကြီးသောအဖွဲ့များတွင် အဖွဲ့ဝင်အဖြစ် ပါဝင်ဆောင်ရွက်ခဲ့သည်။ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်တွင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၊ ဆာမောင်ကြီး၊ ဗိုလ်မှူးအောင်၊ ဦးအောင်ဇံဝေ၊ ဦးတင်ထွဋ်၊၊ မြို့မ-ဦးသန်းကြွယ်၊ သခင်ဝတင် နှင့် အခြားတိုင်းရင်းသား ခေါင်းဆောင်များနှင့် အတူ ပင်လုံညီလာခံ တွင် ဦးဆောင်ပါဝင် ခဲ့သည်။

၁၉၄၇ ခုနှစ်တွင် ဘဏ္ဍာရေးဝန်ကြီးဌာန ဝန်ကြီး၏ အတွင်းဝန် အဖြစ်တာဝန် ထမ်းဆောင်ခဲ့သည်။

၁၉၄၈ ခုနှစ်တွင် လယ်ယာစိုက်ပျိုးရေးနှင့် သစ်တောရေးဝန်ကြီးဌာန အတွင်းဝန်အဖြစ် ဆောင်ရွက်ခဲ့သည်။

၁၉၅ဝ ခုနှစ် တွင် ပြည်ထဲရေးဝန်ကြီးအဖြစ် ခန့်အပ်ခံရသည်။ ၁၉၅၆ ခုနှစ်တွင် မန္တလေးမြောက်ပိုင်းနယ်မှ ပါလီမန်အမတ်အဖြစ် အရွေးခံရပြီး ထိုနှစ်မှာပင် ဘဏ္ဍာရေးနှင့်အခွန်ဌာနဝန်ကြီးအဖြစ် ခန့်အပ်ခံရသည်။ ၁၉၅၈ ခုနှစ်တွင် ဖဆပလအဖွဲ့ကြီး နှစ်ခြမ်းကွဲသောအခါ ဝန်ကြီးရာထူးမှ နုတ်ထွက်ခဲ့သည်။

ရန်ကုန်တက္ကသိုလ်ကောင်စီ၏ အလုပ်အမှုဆောင်၊ ဗမာနိုင်ငံလုံးဆိုင်ရာ တောင်သူလယ်သမား အစည်းအရုံး၏ ဥက္ကဋ္ဌ၊ အပျော်တမ်းလက်ဝှေ့အဖွဲ့၏ ဥက္ကဋ္ဌ (၁၉၅၃-၅၆) စသည်ဖြင့် ပါဝင်ဆောင်ရွက်ခဲ့သည်။

၁၉၅၆ ခုနှစ်တွင် ယိုးဒယားဘုရင်၏ အမြင့်ဆုံးသော ဆင်ဖြူရှင်ဘွဲ့ကိုလည်းကောင်း၊ ၁၉၆ဝ ပြည့်နှစ်တွင် တော်လှန်ရေး၏ ကြယ်ပွင့်ဆုတံဆိပ်ကို လည်းကောင်း ချီးမြှင့်အပ်နှင်း ခြင်းခံရသည်။ လွတ်လပ်ရေးမော်ကွန်းဝင် ပထမဆင့်ကိုလည်း ရရှိခဲ့သည်။ ၁၉၈ဝ ပြည့်နှစ်တွင် ပြည်ထောင်စုဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော်က ချီးမြှင့်သော နိုင်ငံ့ဂုဏ်ရည် (ပထမဆင့်) ရရှိခဲ့သည်။

ဦးခင်မောင်ကလေးသည် ၁၉၈၅ခုနှစ် စက်တင်ဘာလ၂၇ ရက်နေ့တွင် ရန်ကုန်မြို့၌ ကွယ်လွန်သည်။ ကွယ်လွန်ချိန် တွင် ဇနီး ဒေါ်သိန်းနု (မိုးဒေဝါ မလှရွှေ၏ အစ်မ) နှင့် သားနှစ်ယောက်၊ သမီးတစ်ယောက် ကျန်ရစ်သည်။