ဟန်ထူးလွင်

Listing Description

ဟန်ထူးလွင် ခေါ် ကျားပေါက်သည် Big Bag တီးဝိုင်း၏အဆိုတော်၊ ဂီတာသမား၊ သီချင်းရေးဆရာ ထုတ်လုပ်သူ ဖြစ်သည်။ ၁၉၈၃ ခုနှစ်တွင် တောင်ငူမြို့၌ မွေးဖွားခဲ့သည်။ အဆိုတော် ရင်ဂို၏သားဖြစ်သည်။ မွေးချင်းညီမ ဟန်နေလွင်လွင်သည် ကူးကူးအမည်ဖြင့် အောင်မြင်သော အဆိုတော်တစ်ယောက်ဖြစ်သည်။ လေးတန်းအထိ တောင်ငူ TTC တွင် တက်ရောက်ခဲ့ကာ ငါးတန်းနှစ်တွင် ရန်ကုန်သို့ပြောင်းရွှေ့ခဲ့ပြီး အ.ထ.က (၁) ဒဂုံတွင် ပညာသင်ကြားခဲ့သည်။ မြန်မာ့စောင်း၊ ပုလွေ၊ ပီယာနို၊ ဟန်းပန်(hand pand)၊ ဒရမ်နှင့် အခြား​သော တူရိယာ အများအပြားကိုလည်း တီးခတ်နိုင်ကာ စာ​ရေးခြင်း နှင့် ပန်းချီဆွဲခြင်းများကို လုပ်ကိုင်ကာ Bipolarbear Production ကိုလည်း ထူထောင်ထားသည်။

Big Bag တီးဝိုင်းကို ၂၀၀၀ ပြည့်နှစ် ဧပြီတွင် စတင်ထူထောင်၍ ပထမပိုင်းကာလများတွင် တီးဝိုင်းကို ဟန်ထူးလွင် ၊ ဆင်​ပေါက် နှင့် Vနိုထွန်း တို့နှင့် စတင်ဖွဲ့စည်းခဲ့ပြီး​ နောက်ပိုင်းတွင် ရဲဇော်မျိုး(ဘေ့စ်)၊ ဖြိုးမင်းနိုင်(keyboard) နှင့် မွန်ဘွဲ့(ဒရမ်) တို့ဖြင့် ပြောင်းလဲ ဖွဲ့စည်းခဲ့သည်။ Big Bag မတိုင်ခင် Animal Kingdom နှင့် Big Bag နှင့်အတူ Bloodsugar Pölitik နှင့် Lucidတီးဝိုင်းများကိုလည်း ထူထောင်ခဲ့သည်။ SIR Band တွင်လည်း ၂၀၁၆ ခုနှစ်အထိ ပါဝင်အားဖြည့်ခဲ့သည်။ 

Big Bag ၏ ပထမဆုံး album မှာ Punk for All ဖြစ်ပြီး သူတို့၏ alternative ဂီတမှာ ဆယ်ကျော်သက်တို့၏ အာရုံစိုက်ခြင်းကို ခံခဲ့ရသည်။ သူတို့၏ပထမဆုံး one band show ဖြစ်သည့် ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့သော The Big Show in Bag 1 တွင် အထူးအောင်မြင်မှုရရှိခဲ့သည်။ ၂၀၁၇ အထိ သူ၏ Big Bag တီးဝိုင်းသည် album ၁၃ ခုထွက်ရှိခဲ့ကာ နောက်ဆုံး album မှာ Anger Management ဖြစ်သည်။

ဟန်ထူးလွင်(ကျားပေါက်) သည် သူ၏ပထမဆုံးသော Single EP ကို Cinematicüs အမည်ဖြင့် ၂၀၂၀ အောက်တိုဘာ ၂၆ ရက်နေ့တွင် ထုတ်ဝေခဲ့သည်။ စာရေးဆရာတစ်ယောက်အနေဖြင့် "STRANGE OLD MAN" စာအုပ်တစ်အုပ် နှင့် "ကြောင်စာ" အမည်ရ ဝတ္ထုတိုပေါင်းချုပ်တစ်အုပ် ရေးသားထုတ်ဝေခဲ့သည်။ 

The Voice Myanmar သီချင်းဆိုပြိုင်ပွဲတွင် Coach တစ်ဦးအနေဖြင့် ပါဝင်ဆောင်ရွက်ခဲ့သည်။

ဟန်ထူးလွင်သည် ဆုလဲ့ဝင်းဇုံဇုံ နှင့် ၂၀၀၆ ခုနှစ် အောက်တိုဘာ ၂၉ ရက်တွင် လက်ထပ်ခဲ့ပြီး ၂၀၁၉ တွင်တရားဝင်ကွာရှင်းခဲ့သည်။ သူတို့တွင် အမရထူးလွင်နှင့် ခင်မဒီထူးလွင် ဟူသော သမီးနှစ်ယောက်ထွန်းကားခဲ့သည်။

ထွက်ရှိပြီး တေးစီးရီးများ

ပန့်ခ်အကြောင်းမပြောနဲ့

အားလုံးအတွက်ပန့်ခ်

နာမည်ကြီး

ဗီလိန်

အိပ်ယာဝင်တေးများ

The Big Show In The Bag

AD 3000

Telepunk

The Sun Factory

One Eleven

We are Big Bag

IDGAF

ANGER MANAGEMENT

CINEMATICÜS (Single EP)