မဟာမုနိဘုရားတွင် စုဆောင်းထားရှိသည့် ရှေးဟောင်းအမွေအနှစ် သမိုင်းဝင်ပစ္စည်းများအား အများပြည်သူသိရှိလေ့လာနိုင်ရန် စာအုပ်အဖြစ် ထုတ်ဝေသွားမည်

Listing Description

မန္တလေး  ဒီဇင်ဘာ  ၂၁

မန္တလေးမြို့ရှိ မဟာမုနိဘုရားတွင် စုဆောင်းထားရှိသည့် ရှေးဟောင်းအမွေအနှစ် သမိုင်းဝင် ပစ္စည်းများအား အများပြည်သူသိရှိလေ့လာနိုင်ရန် စာအုပ်အဖြစ် ပြုစုထုတ်ဝေသွားမည် ဖြစ်ကြောင်း မဟာမုနိဘုရားဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလင်းက ပြောသည်။

အဆိုပါ  မှတ်တမ်းအဖြစ်ထားရှိရန်  ထုတ်ဝေမည့်စာအုပ်တွင်  ရှားပါး၍  ရှေးဟောင်းသမိုင်းဝင် နံရံဆေးရေးပန်းချီများ၊ ပေစာ၊ ပုရပိုက်စာများ၊ ထူးခြား သည့် ကမ္မဝါများ၊ ရှေးယခင်က လှူဒါန်းထားသည့် တန်ဖိုးကြီးပစ္စည်းများကို ဓာတ်ပုံမှတ်တမ်းများဖြင့်ဖော်ပြကာ စုပေါင်းပြုစုထုတ်ဝေသွားမည်ဖြစ်ကြောင်း သိရသည်။

“ဘုရားကြီးမှာ ရှေးဟောင်းပစ္စည်းတွေရှိတယ်။ အဲဒါတွေကို စာအုပ်အဖြစ် စုစည်းပြီး ထုတ်ဝေသွားမှာပါ။  လက်ရှိအချိန်က  ကိုဗစ်ကာလဖြစ်နေတော့ စောင့်ဆိုင်းနေတာပါ။ နံရံဆေးရေးပန်းချီတွေက ရှားပါးပုံတွေမှတ်တမ်းတင်မယ်။ ထူခြားမှုရှိတဲ့ ရှေးဟောင်းတန်ဖိုးကြီး သမိုင်းဝင်ပစ္စည်းတွေကို စုပေါင်းပြီးတော့ စာအုပ်ထုတ်ဝေမှာပါ။  မဟာမုနိဘုရားကြီးမှာ  စုဆောင်းထားတဲ့  ရှေးဟောင်း အမွေအနှစ်များဆိုပြီး  ပြုစုမှာပါ။  ဘုရားကြီးကို  လာရောက်ဖူးမြော်သူတွေက ဒီဘုရားကြီးမှာ လေ့လာစရာအနေနဲ့ ရှေးဟောင်းအမွေအနှစ်သမိုင်းဝင် ပစ္စည်း တွေအများကြီးရှိတယ်ဆိုတာ သိရှိဖို့လိုပါတယ်။ အဲဒါကြောင့် သမိုင်းမှတ်တမ်း အဖြစ်လေ့လာနိုင်အောင် စာအုပ်ထုတ်ဝေသွားမှာ ဖြစ်ပါတယ်”  ဟု  ၎င်းက ပြောသည်။

လက်ရှိ ကိုဗစ်ကာလအတွင်း မဟာမုနိဘုရားပရိဝုဏ်အတွင်းရှိ အဆောက် အအုံပိုင်းများကို ပြင်ဆင်မွမ်းမံမှုများဆောင်ရွက်နေသကဲ့သို့   ရှေးဟောင်းအမွေ အနှစ်ပစ္စည်းများကိုလည်း ထိန်းသိမ်းမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ ထို့အတူ ဗုဒ္ဓဝင်ပြတိုက်ကိုလည်း ပြုပြင်မှုများ လုပ်ဆောင်နေသည့်အပြင် မဟာမုနိဘုရား ပုံစံငယ်အဖြစ်   ဆောင်ရွက်နေကြောင်း၊    ယင်းပုံစံငယ်ပြုလုပ်ရခြင်းသည် ဘုရားကြီး၏  ပရိဝုဏ်အတွင်း   တည်ရှိနေသည့်အရာမှန်သမျှကို   နောင်လာ နောက်သားများ  အလွယ်တကူ ကြည့်ရှုနိုင်စေရန်  ငွေကျပ်သိန်း  ၃၀၀ အကုန် အကျခံ၍ ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။

မင်းထက်အောင်(မန်းကိုယ်ပွား)