ကံရွာဗလီ

Listing Description

ကံရွာဗလီသည် မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ၇၈ လမ်းနှင့် ၈၁ လမ်းကြား၊ စံပြလမ်းထိပ်တွင် တည်ရှိပါသည်။ ဘိုးတော်ဘုရားသည် ၁၁၄၆ ခုနှစ် (ခရစ် သက္ကရာဇ် ၁၇၈၄ )တွင် သားတော်အိမ်ရှေ့မင်း သတိုးဓမ္မရာဇာ ရတနာရွှေတောင်မင်းကို ဦးစီးစေပြီး ရခိုင်ပြည်ကို ချီတက်တိုက်ခိုက် သိမ်းပိုက်စေခဲ့ရာ ရခိုင်ပြည်ကို အောင်မြင်စွာသိမ်းပိုက်ပြီးနောက် ရခိုင်ဘုရင်မင်းများအဆက်ဆက် ကိုးကွယ်ခဲ့သော မဟာမုနိဘုရားကြီးကိုပါ ဓညဝတီမြို့မှ အမရပူရမင်းနေပြည်တော်သို့ ပင့်ဆောင်စေခဲ့သည်။ ထိုမဟာမုနိရုပ်ပွားတော်ကို ၁၇၈၅ ခုနှစ်တွင် အမရပူရမြို့တော်၏ မြောက်ဘက် တာတစ်ထောင်အကွာတွင်ရှိသော ယခုဘုရားကြီးတည်ရှိရာနေရာတွင် တည်ထားကိုးကွယ်ခဲ့ပါသည်။ ထိုမဟာမုနိရုပ်ပွားတော်ကြီး ပင့်ဆောင်ခဲ့စဥ် ဗုဒ္ဓဘာသာ မင်းမှုထမ်းများနှင့်အတူ ရခိုင်ပြည်မှ အစ္စလာမ်ဘာသာဝင်မင်းမှုးထမ်းများလည်း အမှုထမ်းဆောင်ရွက်ခဲ့ရသည်။ မဟာမုနိဘုရားကြီး၏ ရတနာများ မပျက်စီးမပျောက်ပျက်စေရန် ရခိုင်ပြည်မှပါလာသော ထိုအစ္စလာမ်ဘာသာဝင် မင်းမှုထမ်းများကို သေနတ်တပ်စုဖွဲ့ပေးခဲ့ပြီး ညအိပ်ဖန်စောင့်တပ်၊ နေ့အိပ်ဖန်စောင့်တပ်၊ စန္ဒရီအစောင့်တပ်သားများအဖြစ် တာဝန်ထမ်းဆောင်စေကာ ဘုရားကြီး၏ ပတ်ဝန်းကျင်တွင် ဗလီဝတ်ကျောင်းတော်များကိုပါ နေရာချထားပေးခဲ့ခြင်းဖြစ်သည်။ ကံရွာဗလီကို ရခိုင်ဒါဒါး မိသားစုက ပျဥ်ထောင်ဝါးကပ်မိုးဖြင့် ၁၇၈၅ ခုနှစ်တွင် ဆောက်လုပ်လှူဒါန်းပေးခဲ့ပြီး သာယာဝတီမင်းလက်ထက်တွင် ဦးဒွလ္လာမှဦးဆောင်ပြီး အုတ်ဗလီအဖြစ် ပြင်ဆင်ဆောက်လုပ်ခဲ့ပါသည်။