မြိတ်မြို့နယ်၌ ဓါတုကင်းလွတ် ထိုင်ဝမ်သင်္ဘောပင်များ စီးပွားဖြစ် စမ်းသပ်စိုက်ပျိုးလျက်ရှိရာ အောင်မြင်ဖြစ်ထွန်း

Listing Description

မြိတ် အောက်တိုဘာ ၂၆

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် မြိတ်မြို့နယ်အတွင်းရှိ သာရမဲကျေးရွာတွင် ဓာတုကင်းလွတ် ထိုင်ဝမ်သင်္ဘောပင် (F- 2) များကို ဈေးကွက်လိုအပ် ချက်အရ စီးပွားဖြစ် စမ်းသပ်စိုက်ပျိုးလျက်ရှိရာ အောင်မြင်ဖြစ်ထွန်းလျက် ရှိကြောင်း ဒေသခံသင်္ဘောစိုက်တောင်သူ ကိုဆန်းမင်းဦးက ပြောကြားသည်။

“ထိုင်ဝမ်ရွှေနီ (၁၆၈)မျိုးစေ့ကို ဝယ်ယူစိုက်ပျိုးပြီး ထွက်ရှိလာတဲ့ အသီးမှည့်ထဲကနေ အစေ့ကို ပြန်လည် စိုက်ပျိုးပါတယ်။ ဒါကြောင့် (F-2) ဒုတိယမျိုးဆက်လို့ ခေါ်တာဖြစ်ပါ တယ်။ အခုလက်ရှိ ကျွန်တော်စိုက် ထားတာက ထိုင်ဝမ် ပထမမျိုးဆက် (F-1)အသီးမှည့်ကနေ အစေ့ထုတ် အခြောက်ခံပြီး ဒုတိယမျိုးဆက်ဖြစ်တဲ့ (F-2)ကို ပြန်လည်စိုက်ပျိုးထားခြင်း ဖြစ်ပါတယ်။ နိုင်ငံခြားမျိုးရင်းကို တိုက်ရိုက် ဝယ်ယူစိုက်ပျိုးရင် ဈေးကြီး ပြီး ဒေသရဲ့ ရာသီဥတုနဲ့ ပိုးမွှားရောဂါ အန္တရာယ်ကို ခံနိုင်ရည်နည်းလို့ ဒီဒုတိယမျိုးဆက် (F-2) ကို စိုက်ပျိုးရခြင်းဖြစ်ပါတယ်။ ဒီ (F-2) ဒုတိယ မျိုးဆက်က ရာသီမရွေးစိုက်ပျိုးလို့ ရတယ်။ ဒေသရာသီဥတုဒဏ်နဲ့ ရောဂါပိုးမွှားအန္တရာယ်ကိုပါ ခံနိုင်ရည်ရှိပြီး ဓာတုဆေးဝါးတွေမသုံးလို့ စားသုံးသူတွေ အန္တရာယ်ကင်းရှင်းစေပါတယ်" ဟု စန္ဒဝတ်ကျေးရွာအုပ်စု သာရမဲ ကျေးရွာမှ သင်္ဘောစိုက်တောင်သူ ကိုဆန်းမင်းဦးက ပြောကြားသည်။

ယခုလက်ရှိတွင် ထိုင်ဝမ်သင်္ဘော မျိုး ရွှေနီ (၁၆၈) မျိုးစေ့မှာ တစ်ထုပ်လျှင် ငွေကျပ် ၆၀၀၀မှ ၃၀၀၀၀အထိရှိပြီး မျိုးစေ့ထုပ်အမျိုးအစားပေါ် မူတည်ကာ ပျိုးထုပ်အပင်ရေ ၂၀၀မှ ၁၀၀၀ထိ ရရှိစိုက်ပျိုးနိုင်ကြောင်း၊ သင်္ဘောပျိုး ပင်များကို စတင်မြေချ စိုက်ပျိုးသည့် အချိန်မှ ခြောက်လ၊ ခုနစ်လကာလ အကြာတွင် သင်္ဘောသီးမှည့်များအား ဆွတ်ခူး၍ မြိတ်ဒေသတွင်းရှိ ဈေးကွက်သို့ ပို့ဆောင်ရောင်းချနေရကြောင်း သိရသည်။

သင်္ဘောပင်တစ်ဧက စိုက်ပျိုးပါက ကုန်ကျမှုစရိတ်မှာ ငွေကျပ် ၁၀ သိန်း ခန့်ရှိပြီး ဈေးကွက်ကောင်းသည့်အခါ စိုက်ပျိုးကုန်ကျမှု စရိတ်နုတ်ပြီး ငွေကျပ်သိန်း ၃၀ ကျော်ခန့်ထိ အကျိုး အမြတ်ရရှိသည်။

မြင့်ဦး(မြိတ်)