မောင်ပေါက်စည် (မန်းတက္ကသိုလ်) (၁၉၃၂-၂၀၀၆)

Listing Description

မောင်ပေါက်စည်သည် အဖ မန္တလေး သာသာနာပိုင်နယ် ဂိုဏ်ထောက်ကြီး ဦးလုကာဘိုးကဲ (ဗမာ)၊ အမိ ဒေါ်လေးဆင့် (ကရင်) တို့မှ မြစ်သားမြို့တွင် ၁၉၃၂ ခုနှစ် နိုဝင်ဘာလ ၂၇ ရက်နေ့တွင် မွေးဖွားသည်။ မွေးချင်း ငါးဦး အနက် တတိယမြောက် သားဖြစ်၍ အမည်းရင်း အင်ဒရေမြဟန် ဖြစ်သည်။

ငယ်စဉ် တောင်ကျေးက ကလေးဘဝမှ ဆယ်တန်း အောင်မြင်သည် အထိ ရန်ကုန်မြို့တော် စိန်မေရီ စာသင်ကျောင်းနှင့် စိန်ဂျွန်းဒိုင်အိုစီစင် တက္ကသိုလ်ကျောင်းများတွင် ပညာ သင်ကြားသည်။ တက္ကသိုလ် ပညာကို မန္တလေး တက္ကသိုလ်တွင် ဆည်းပူးခဲ့ပြီး ဝိဇ္ဇာဘွဲ့ ရရှိခဲ့သည်။ ၁၉၅၉ ခုနှစ်တွင် တက္ကသိုလ် ကျောင်းသား မောင်ပေါက်စည်နှင့် မန္တလေး တက္ကသိုလ် ကလောင်ရှင် အသင်း ဥက္ကဋ္ဌတို့ နှစ်ယောက် ပူးပေါင်းပြီး မန္တလေးမြို့ နှစ်တရာပြည့် ပွဲတော်ကြီး ဖြစ်သော မန်းရာပြည့်ပွဲတော် အထိမ်းအမှတ် မန်းရာပြည့် ကဗျာများ စာအုပ်ကို ထုတ်ဝေခဲ့သည်။

၁၉၅၈ ခုနှစ်မှ ၁၉၆ဝ ပြည့်နှစ်အထိ သာသနာပိုင်ကြီး ဦးဖရန်စစ်အာမြ ဦးဆောင် ပြုလုပ်သည့် ရှေ့ပြေး သာသနာပြု စီမံကိန်း တခုဖြစ်သော စိန့်ပီတာ အထက်တန်းကျောင်းတွင် ကျောင်းအုပ် အဖြစ် အမှုတော် ထမ်းခဲ့သည်။ ၁၉၆၃ ခုနှစ်မှ ၁၉၆၅ ခုနှစ်အထိ ရန်ကုန်မြို့ရှိ ကားတိုင် ကျမ်းစာကျောင်းတွင် ဓမ္မပညာရပ်များ ဆက်လက် ဆည်းပူးသည်။ ၁၉၆၆ ခုနှစ်၊ ဇွန်လ ၅ ရက်နေ့တွင်မူ ရန်ကုန် သာသနာပိုင်ကြီး ဗွီ၊ ဂျီ၊ ရှာဘန်းက ရန်ကုန်မြို့ ကသီဒြယ် ကျောင်းတော်ကြီးတွင်း သင်းထောက်သိက္ခာ ပေးခဲ့သည်။

၁၉၇၄ ခုနှစ်၊ မေလ ၁ ရက်နေ့တွင် ရန်ကုန်မြို့ ရှင်မိက္ခေလ ဘုရားကျောင်းတွင် ဆရာမ ဒေါ်ဒေါ်လီနှင့် ထိမ်းမြား လက်ထပ်ခဲ့သည်။

၁၉၈၃ ခုနှစ်၊ စက်တင်ဘာမှ စ၍ မြန်မာနိုင်ငံ ခရစ်ယာန် အသင်းတော်များ ကောင်စီ၏ အထွေထွေ အတွင်းရေးမှူး အဖြစ် ရွေးချယ်ခြင်း ခံခဲ့ရပြီး ၁၉၈၈ ခုနှစ်၊ ဧပြီလထိ ထိုတာဝန်ကို စွမ်းစွမ်းတမံ ဦးဆောင်ခဲ့သည်။

သာသနာပိုင်ချုပ် အန်ဒရေ ဦးမြဟန်ကို လူငယ်ဘဝ၊ ကျောင်းသားဘဝ၊ ဘုန်းတော်ကြီးဘဝနှင့် ရာထူးကြီးများကို လက်ခံရယူ ထမ်းရွက်ရသည့် ဘဝတလျှောက်လုံး၌ ပေါင်းသင်း ဆက်ဆံရေး ကောင်းမွန်သူ ဖြစ်သည်။ စာပေ ဖတ်ရှုခြင်း၊ စာပေကဗျာ ရေးသားခြင်းလည်း ဝါသနာထုံသူ ဖြစ်၍ ကျောင်းသား ကျောင်းဆရာ ဘဝ၌ မောင်ပေါက်စည် ကလောင် အမည်ဖြင့် ဝတ္ထု၊ ဆောင်းပါး၊ ကဗျာများ ရေးသားခဲ့သည်။

အမှုတော် ထမ်းဆောင်ရသည့် ကာလတလျှောက် ဂျမေကာ၊ ဟောင်ကောင်၊ စင်ကာပူ၊ ထိုင်း၊ အင်္ဂလန်၊ ဂျာမနီ၊ ဩစတြေးလျ၊ ဂျပန်၊ အမေရိကန်၊ ကနေဒါ၊ ဆိုက်ပရပ် စသည့် နိုင်ငံများသို့ သွားရောက်၍ ဘာသာရေး ဆိုင်ရာ အစည်းအဝေးများတွင် အတွေ့အကြုံများ တက်ရောက် ဝေမျှခဲ့သည်။ ခရစ်ယာန် ဘာသာဝင် တဦး ဖြစ်သော်လည်း မြန်မာစာပေကို နှစ်သက်ပြီး လေ့လာ လိုက်စားလိုသည့် စိတ်ရှိသူ ဖြစ်၍ စစ်ပြီးခေတ် မန္တလေး တက္ကသိုလ် သမိုင်း၌ ပထမဦးဆုံး မြန်မာစာ ဂုဏ်ထူး ရခဲ့သူတဦး ဖြစ်သည်။ လေးချိုး၊ တေးထပ်၊ ဘောလယ်၊ တျာချင်း၊ အိုင်ချင်း အစရှိသည့် ဂန္ထဝင် ပုံစံ ကဗျာများကို ကောင်းစွာ ရေးစပ် သီကုံးနိုင်သည် အထိ မြန်မာစာပေကို ဝါသနာထုံသူ ဖြစ်သည်။

မြန်မာနိုင်ငံ ခရစ်ယာန် အသင်းတော်၏ အနားယူ သာသနာပိုင်ချုပ်ကြီး ဖြစ်သော ဒေါက်တာ အန်ဒရေမြဟန် (ခေါ်) စာရေးဆရာ မောင်ပေါက်စည်သည် ၂၀၀၆ ခုနှစ်၊ မေလ ၃၁ ရက်နေ့ နံနက် ၁၁ နာရီ အချိန်တွင် ခရစ်တော်၌ အိပ်ပျော် သွားခဲ့သည်။

ရေးသား ပြုစုခဲ့သော စာအုပ်များ

၁။ တထောက်နား၍ ပြန်ပါလေ ၁၉၆၁

၂။ လှိုင်းပုတ်သံကဗျာများ ၁၉၉၆

၃။ ကသစ်ပန်းကဗျာများ ၁၉၉၇

၄။ အညာကျေးက ကဗျာတေး ၂၀၀၃