မိုင်းမောပျူမြို့ဟောင်း(သို့) ပင်လယ်မြို့ဟောင်း

Listing Description

မိုင်းမောပျူမြို့ဟောင်းသည် မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်၊ ရန်ကုန်-မန္တလေး လမ်းဟောင်း ပေါ်ရှိ ကူမဲမြို့မှအရှေ့တောင်ဘက် ကင်းတားဆည်နှင့် ပြက္ခရွေတောင်သို့သွားသည့် ကားလမ်း ငါးမိုင်ခန့်အကွာတွင် တည်ရှိပါသည်။ ယခုအခါ မိုင်းမောကျေးရွာအုပ်စုအဖြစ် တည်ရှိကာ ပျူခေတ်ယဉ်ကျေးမှုထွန်းကားခဲ့သော မြို့တော်ဟောင်းဖြစ်ပြီး ရှေးဟောင်းယဉ်ကျေးမှုဇုန်အဖြစ် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက စောင့်ရှောက်ထားသော တိုက်နယ်အဆင့်ရွာကြီးတစ်ရွာ ဖြစ်ပါသည်။ မြို့ဟောင်းအရာအတွင်း၌ ဥန္နဲပုတ်၊ ကန်ဆွယ်နှင့် မိုင်းမောရွာတို့ တည်ရှိနေကြရာ မြို့ဟောင်းအတွင်းပိုင်းတွင်ရှိသည့် မိုင်းမောရွာအမည်ကိုယူ၍ မိုင်းမောမြို့ဟောင်းဟု အမည်မှည့် ခဲ့သော်လည်း မိုင်းမောသည် မြို့ဟောင်း၏ မူလအမည်မဟုတ်ချေ။ မိုင်းမောသည် လက်ရှိကျေးရွာအမည်ဖြစ်ပြီး ကုန်းဘောင်ခေတ်တွင်ထူထောင်ခဲ့သည့် ရွာတစ်ရွာဖြစ်ကြောင်း ဆရာကြီး ဦးစိန်မောင်ဦးက ရေးသားခဲ့သည်။ ပင်လယ်မြို့ဟောင်းသည် ပြည်မြို့နယ်ရှိ သရေခေတ္တရာ၊ ထားဝယ်မြို့နယ်ရှိ သာဂရ၊ နွားထိုးကြီးမြို့နယ်ရှိ ဝတီးစသည့် ရှေးဟောင်းမြို့များကဲ့သို့ အဝိုင်းပုံရှိပြီး မြို့ရိုးသုံးထပ်ရှိပါသည်။ အပြင်ဆုံးနှင့် အတွင်းဆုံးမြို့ရိုးတို့သည် အဝိုင်းပုံရှိ၍ ယင်းတို့ အကြားရှိ အလယ်မြို့ရိုးသည် စတုဂံပုံဖြစ်ပါသည်။ ရှေးဟောင်းသုတေသနဦးစီးဌာန၏  တိုင်းတာချက်များအရ အဝိုင်းပုံ အပြင်မြို့ရိုး၏ အချင်းသည် အရှေ့မှအနောက်သို့ ၁ ဒသမ ၈ မိုင်နှင့် တောင်မှမြောက်သို့ ၁ ဒသမ ၆ မိုင်ရှိသည်။ မြို့ရိုးပတ်လည်သည် ၅ မိုင် ၄ ဖာလုံ ရှည်လျားပြီး ဧရိယာ ၂၂၂ ဟက် တာဧက ကျယ်ဝန်းကာ  ကုန်းအမှတ်(၁၉)တူးဖော်မှု တွေ့ရှိချက်များအရ မြို့ဟောင်း၏မြို့ရိုးသည် အနည်းဆုံး ၁၅ ပေမှ ပေ ၂ဝ အထိမြင့်နိုင်ကြောင်း သုံးသပ်ခဲ့ပါသည်။ ရှေးဟောင်းသုတေသနဦးစီးဌာနသည် ပင်လယ်မြို့ဟောင်းတူးဖော်မှုများကို ၁၉၇၈-၁၉၇၉ ဘဏ္ဍာရေးနှစ်မှ စတင်ဆောင်ရွက်ခဲ့ရာ ၂ဝ၁ဝ ပြည့်နှစ်အထိ ကုန်းပေါင်း ၂၁ ကုန်း တူးဖော်ခဲ့သည်။ ပျူမြို့ဟောင်းများဖြစ်ကြသည့် သရေခေတ္တရာ၊ ဗိဿနိုး နှင့် ဟန်လင်းတို့၌ တွေ့ရှိခဲ့ရသည့် ဒင်္ဂါးပြားများ၊ ချင်းပုတီးစေ့ခေါ် အဖြူအနက်ကြားပုတီးများ၊ ဆင်ရုပ်၊ နွားရုပ်များနှင့် ပျူတို့သုံးစွဲခဲ့သည့် အမှတ်အသားပါ  အုတ်ချပ်များကို ပင်လယ်မြို့ဟောင်းဝန်းကျင်မှ တွေ့ရှိခဲ့သဖြင့် ယင်းနေရာ တစ်ဝိုက်တွင် သရေခေတ္တရာ၊ ဗိဿနိုးနှင့် ဟန်လင်းတို့ထက် နောက်မကျသော ခေတ်ပြိုင်ပျူယဉ်ကျေးမှုတစ်ရပ် ထွန်းကားခဲ့ကြောင်း ပညာရှင်များက သုံးသပ်ခဲ့ကြပါသည်။